Friday, July 18, 2014

စစ်သူကြီး မဟာဗန္ဓုလ

မြန်မာ့ သူရဲကောင်း စစ်သူကြီး မဟာဗန္ဓုလ
ရှေးအခါ …ဗဒုန်ဝန်မင်း ရုံးစိုက်ရာ အလုံတိုက်နယ်မှာ …အထက်တိုက် ၊ အောက်တိုက် ၊ အရှေ့ တိုက်ဆိုပြီး ရှိတဲ့ အနက် အထက်တိုက်မှာ အပ်အ၀င်ဖြစ်တဲ့ ငပယင်း ရွာလို့ခေါ်တဲ့ ပန်းရင်း ရွာကလေး ရှိခဲ့ပါတယ် ..
ရွာလယ်မှာရှိတဲ့ ခြံငယ်နဲ့ အိမ်ကလေးတစ်ဆောင်မှာ…ကိုပေါက်တော နဲ့ မမိငြိမ် ဆိုတဲ့ ဆင်းရဲနွမ်းပါးသူ လင်မယား ရှိခဲ့ပါတယ်။

ဘိုးတော်ဘုရား နန်းသက် တစ်နှစ်မပြည့်မီမှာ သူပုန် ငပုန်း(ခေါ်)ငရွှန်းငယ် ရဲ့ ရန်ကို ရှင်းလင်းသုတ်သင်နေဆဲ ကာလ သက္ကရာဇ် ၁၁၄၄ ခုနှစ် ၊ တန်ဆောင်မုန်းလဆန်း(၁) ရက် ဗုဒ္ဒဟူး နေ့ နံနက် မှာဘဲ မျက်နှာဖုံး အိတ်စွပ်၊ အချင်း စလွယ်သိုင်း လျက် တစ်ကိုယ်လုံး အချင်းတွေ ရစ်လို့ ဆိုတဲ့ စကား မီးနေ လာမေးသူများ ပြောရလောက်အောင် ဖြစ်ခဲ့တဲ့ …ငရစ် …..လို့ အမည်တွင်မဲ့ ကလေးတစ်ယောက် မွေးဖွားခဲ့ပါတယ် ။

ရွာဦးဘုန်းတော်ကြီးက တွက်ချက်ပြီး ….တကာ ကိုပေါက်တောရဲ့ သားဟာ ဘယ်နေရာမဆို ဆောင်ရွက်လျှင် သူတကာ တို့ထက် လွန်ကဲအောင် ဆောင်ရွက်လိမ့်မည် ၊ ရဲရင့်တည်ကြည် ထက်မြက်သောစိတ် ရှိမည် ၊ လက်ရုံးရည် နှလုံးရည်နှင့် ပြည့်စုံပြီး ငရစ် ဟူသော အမည်မှာ နေ့နံသင့်သည့် အပြင် ဖွားမြင်စ နမိတ် အမည်ဖြစ်သဖြင့် ကောင်းသော အမည်ဖြစ်ကြောင်း ဆရာတော် ဟောကြားချက်အရ ကိုပေါက်တော မှာ ၀မ်းသာ အားရ ဖြင့် ဇနီးသည်ကို ပြန်ပြောပြခဲ့သလို သားဦးလည်း ဖြစ်တာကြောင့် ရူးမတတ် ချစ်ကြပါသတဲ့။ မောင်ရစ်ကို မွေးပြီး မောင်ဧ ၊ မယ်ဒုတ် ၊ ငမြတ်နေ ဆိုပြီး သားနှစ်ယောက် သမီးတစ်ယောက် ဖွားဖြင်ခဲ့ပါတယ် …


မောင်ရစ် အသက် ခုနစ်နှစ်အရမှာ ရွာဦး ဘုန်းတောကြီးထံမှာ ပညာသင်ပါတယ်။ မောင်ရစ် ၁၃ နှစ်သားမှာတော့ ရှင်သာမဏေ အဖြစ် သွတ်သွင်းချီးမြှင့်ခံရသော်လည်း…ဖခင်ကြီးရဲ့ ကျန်းမာရေး အရ သာမဏေ ဘ၀ ကထွက်ကာ အိမ်မှူလုပ်ငန်းကို လုပ်ကိုင်ရပါတယ်။ ဖခင်ကြီး ဝေဒနာက မလွတ်မြောက်နိုင်ဘဲ မကြာမီ ဆုံးပါး သွားတဲ့ အတွက် မိခင် နဲ့ ညီငယ် ..ညီမ ငယ် တို့ကို ပင်ပန်းစွာ လုပ်ကျွေးပြုစုရပါတယ်။

မောင်ရစ်ဟာမဟုတ် မခံစိတ်ရှိသော်လည်း စေ့စေ့စပ်စပ် ပိပိရိရိ နေထိုင်တတ်သူ ဖြစ်ပါတယ်။ မောင်ရစ်ဟာ ပြေးလွှားပြိုင်ခြင်း၊ မြင်းစီးပြိုင်ခြင်း ၊ လက်ဝှေ့ထိုးခြင်းတို့ ကို ၀ါသနာအလျောက် လေ့လာ တတ်ကျွမ်းပါတယ်။ နွားကျောင်း သား အချင်းချင်း ကစားတာတောင်မှ စစ်တိုက်တမ်း ကစားပြီး သူက ဗိုလ်မှူး သဖွယ် စီမံခန့်ခွဲ တတ်ပါတယ်။ ကစားရာမှ တစ်ဦးဦး ထိခိုက်မိရင်တော့ သူကိုယ်တိုင် ယုယစွာ ပြုစုတတ်ပါတယ။် ဒါကြောင့်လဲ မောင်ရစ် ကို လူတိုင်းက ချစ်ခင်ကြပြီး ရမ်းကားသူ များကတော့ ကြောက်ရွှံ့ရိုသေကြပါတယ်။ မောင်ရစ် လူလတ်ပိုင်း အရောက်မှာတော့ ရွာမှာ သြဇာရှိသူ တစ်ဦး ဖြစ်လာပါတော့တယ်။

မောင်ရစ် အရွယ်ရောက်တဲ့အခါမှာတော့ ရှင်မင်းဘူး ဆိုသူ အမျိုးသမီးနဲ့ အိမ်ထောင်ကျပြီး သား မောင်ကျန်းကြီး ကို ဖွားမြင်ခဲ့ပါတယ်။ သားမယား တာဝန် မိခင် နဲ့ ညီငယ် နှမငယ်များတာဝန်တွေ ပိလာတဲ့ အပြင် မိဘလက်ငုတ် နှမ်းခင်းကလည်း အကျိုးမများတဲ့ အတွက် အလုပ်အကိုင်ရှာဖွေရန် သူ့ ရဲ့ အဘိုး တော်သူ တံခါးမှူးကြီးရှိရာ အမရပူရကို တက်လာပါတော့ တယ်။

သွက်လက်ဖြတ်လတ်တဲ့ မောင်ရစ်ကို သဘောကျတော်မူတဲ့ အိမ်ရှေ့မင်း ဟာ သူ့အိမ်တော်မှာ သာမန် အမှု.ထမ်း အဖြစ် ထမ်းရွက်စေပါတယ်။ မောင်ရစ် ဟာ သွက်လက်ဖြတ်လတ် ရဲရင့်ပြီး လူပျိုတော် ၊ အထိမ်းတော်၊ ကိုယ်ရံတော်၊ အကြီးတော် ..စတဲ့ အမှုထမ်းတွေနဲ့ သင့်တင့်သူ ဖြစ်တဲ့ အတွက် အိမ်ရှေ့မင်းရဲ့ အိမ်တော်မှာ နာမည် ရပါသတဲ့။ အိမ်ရှေ့ မင်းဟာ မောင်ရစ်ရဲ့ စေ့ငှမှု၊ အကွက်တကျ စီမံဆောင်ရွက်တတ်မှု ၊ လုံ့လ ၀ီရိယ ရှိမှု တို့ကြောင့် ကိုယ်ရန်တော် အဖြစ်ကို တိုးတက်ချီးမြှောက်ပါတယ်။ အဲသည် အချိန်မှာ မောင်ရစ် ဟာ အသက် ၂၄ နှစ် မျှသာ ရှိပါသေးတယ်။

မောင်ရစ်ဟာ အိမ်ရှေ့မင်းရဲ့အမှုတော်ကို သစ္စာရှိစွာ နဲ့ မည်သူ့ ကိုမျှ မငဲ့ကွက် တိကျစွာ အမှုတော် ထမ်းတဲ့အတွက် အိမ်ရှေ့ ကိုယ်တော်ကြီး အိမ်မှာ ယခင်ကဲ့သို့ မဟုတ် ….ယခုအခါ ဘီလူး စောင့်နေတယ် အရမ်း ၀င်ထွက် သွားလာသမှု မပြုကြနဲ့ လို့ပင် ပြောကြရတဲ့ အထိ ဖြစ်လာပါတော့တယ်။

သည်အတောအတွင်း သက္ကရာဇ် (၁၁၇၀) တန်ခူးလဆန်း(၁၄)ရက်မှာ မောင်ရစ် ရဲ့ အမှီသဟဲပြုရာ ရွှေတောင် ကြီးဖြစ်တဲ့ အိမ်ရှေ့စံ ကိုယ်တော်ကြီး လူ့ပြည်ငြီးလို့ နတ်ထီးစံတော်မူရာ မောင်ရစ်လဲ ယူကြုံးမရ ၀မ်းနဲ ကြေကွဲရပါ တော့တယ်။ တန်ခူးလပြည့်ကျော်(၇)ရက် နေ့မှာတော့ ဘိုးတောင်မင်းက အိမ်ရှေ့စံအဖြစ် စစ်ကိုင်း မင်းကလေးကို အရိုက်အရာ ခံမည့်သူ အဖြစ် အပ်နှင်းတဲ့ အခါ မောင်ရစ် ဟာ ရှေးကလောက် စိတ်လက်ပျော်ရွှင်မှု မရှိတော့ သော်လည်း တာဝန်များထမ်းဆောင်ရာမှာတော့ လစ်ဟင်းမှု မရှိစေခဲ့ပါဘူး။

မကြာမီ နှစ်အတွင်းမှာဘဲ အိမ်ရှေ့မိဘုရားက .စင်္ကြမင်းကလေး လို့ ထင်ရှားလာမဲ့ သားဦး ရတနာကို ဖွားမြင်ရာမှာ အတိတ် နိမိတ်လွန်စွာ ကြီးပြီး တိုင်းပြည်မှာလည်း အုတ်အော် သောင်းတင်းမျှ ထင်ရှားလှပါတယ်။ ဤ သားတော် ဖွားမြင်ပြီး မကြာခင် အိမ်ရှေ့မိဘုရား နတ်ရွာစံပါတော့ တယ်။

မောင်ရစ်ဟာ အိမ်ရှေ့မင်းရဲ့ အမှုကိစ္စများမှာ မလစ်ဟင်းစေရအောင် အမှုတော်ကို ပင်ပမ်းစွာ ထမ်းရွက်သော်လည်း အိမ်ရှေ့မင်းက အထူးအထွေ ချီးမွမ်းစကား အပြောမခံရတာကိုတော့ဖြင့် မကျေမနပ်ကလေး ဖြစ်နေခဲ့ပါတယ်။

ဘိုးတော် မင်းတရား မင်းကွန်း အလယ်ကျွန်းနန်းတော်မှာ ယာယီစံတော်မူခိုက်..အိမ်ရှေ့မင်းက လျောင်းတော်ဦးမှာ ကြွမြန်းနေဆဲ အားလုံး ခစားနေခိုက်မှာ နောက်ပိုင်းမှာ ရုတ်ရုတ်သဲသဲ ဆူဆူညံညံ ဖြစ်တဲ့အတွက် အလှည့်ကျ ကိုယ်ရန် တော်များဟာ။ အိမ်ရေ့မင်းကို ကာကွယ်ရန် အသင့်ဖြစ်နေဆဲမှာ..မောင်ရစ်ကို တုပ်နှောင်ဖမ်းဆီးပြီး ရှေ့တော်ကို သွင်းလာ ကြပါတယ်။ ထိပ်တုံးခပ် ချုပ်နှောင်ထားစေ ..နောက်နေ့မှ ကိုယ်တော်တိုင် စီရင်မည် ဆိုပြီး အမိန့် ရှိတော်မူပါတယ်။

နောက်တစ်နေ့မှာတော့ ရှေ့တော်မှောက်ရောက်တဲ့အခါ ..အိမ်ရေ့မင်းက မောင်ရစ်ကို သေခြာ စူးစိုက် ကြည့် ပြီး …မောင်ရစ်ရဲ့ ရဲရင့်ဖြတ်လတ်ပုံ၊ သန်မာထွားကျိုင်းပုံ ၊ လုံ့လ ၀ီရိယ ရှိပုံ ၊ အမှူတော် ကျေပွန်ပုံ တို့ ကို သတိရသော်လည်း အပြစ်ကျူးလွန် ထားသူ ဖြစ်သဖြင့် ငရစ် ဘယ်အတွက်ကြောင့် နန္ဒဗလ ကို ထောင်းရိုက်ရ ပါသလဲ ယင်းအပြစ်မှာ မကြီးလှသော်လည်း ငါ့ ရေ့မှာ ဆူညံ ထိတ်လန့်အောင် လုပ်ခြင်းဟာ ပြည်နှင်ဒဏ် နှင့် ကွပ်မျက်ရန် ထိုအကြောင်း သင် မသိသလော …မေးတော်မူတော့။

အရှင်၏ ခမည်းတော် နတ်ရွာစံသည်မှ စ၍ အမှုတော်များ ထမ်းရွက်ခဲ့ရာ ဆုတော် လာတ်တော် ရိက္ခာတော်များ မပြတ် ခံစားရပါသော်လည်း ငရစ် ဟူ၍တစ်ကြိမ်ခါမျှ ခေါ်ယူ အရေးလုပ်တော်မူခြင်း မခံခဲ့ရပါ ..ကျွန်တော်မှာ နန္ဒဗလ အား စော်ကားလို၍ ထောင်းခြင်း မဟုတ်ပါ …ယခုမူကား …အရှင် မှ ငရစ် ဟုခေါ်တော်မူသည်ကို ခံပြီးဖြစ်ပါသဖြင့် ကြီးလေးသော ရာဇဒဏ်ကို ခံယူရန် အသင့် ဖြစ်ပါပြီ ဘုရား လို့ ရဲဝန့် စွာ တင်လျှောက်ပါသတဲ့။

အိမ်ရှေ့မင်းတရားလည်း ငါ၏ အမှုတော်ကို ဦးလည်မသုန်သက်စွန့်ကျိုးပမ်းထမ်းရွက်မည့် ကျွန်ကောင်းတစ်ယောက် ငါ၏ ဘုန်းတော်ကြောင့် ပေါ်ပေါက်လာပေပြီ ဟု စိတ်တော်မှာ အသိအမှတ်ပြုပြီး အတွင်းတော်ကို ၀င်တော်မူပါသတဲ့။

နောက်တစ်နေ့မှာတော့ မောင်ရစ်ကို အကျဉ်းမှ လွှတ်၍ ထမ်းမြဲအမှုတာဝန်ကို ထမ်းစေ အမိန့်တော် ကျလာလို့ အများကတောင်မှ အံ့အားသင့် ကြပါသတဲ့။ ဘိုးတော်မင်းတရား အလယ်ကျွန်း ယာယီစံနန်းက ပြန်ကြွအလာမှာ အိမ်ရေ့မင်းက မောင်ရစ်အကြောင်းကို လျှောက်ထားရာမှာ မင်းတရားကြီး နှစ်ခြိုက်တော်မူတဲ့ အတွက် ဗြဲတိုက် သံတော်ဆင့်အရာ …ကို တိုးတက်ခန့်ထားပါတယ် ….သက္ကရာဇ် ၁၁၇၅ ခုနှစ်၊ တယုန်လ မှာ သံတော်ဆင့် ရာထူးကနေ ဒီပဲယင်း မြို့ဝန် ရာထူးကို နေမျိုးသူရရဲခေါင် ဘွဲ့နှင့် ချီးကျူးခန့်အပ်တော်မူပါတယ်။

မဏိပူရ ကသည်းပြည် စော်ဘွားကြီး ဂျေဆင်း ကွယ်လွန်လို့ သားတော်နှစ်ပါး ထီးနန်းလုကြတဲ့အခါ အကြီး ချော်ဂျစ်ဆင်း က ထီးနန်းရပြီး အငယ် မာဂျစ်ဆင်း အရေးနိမ့်လို့ ဘိုးတော်ဘုရားထံ လက်ဆောင်နှင့်တကွ ခိုဝင်တဲ့အခါ …ဘိုးတော်မင်းတရားကလည်း မြန်မာမင်းလက်အောက်ခံ အခွန်ဘဏ္ဍာဆောင် တိုင်းပြည်ဖြစ်တာကြောင့် ချော်ဂျစ်ဆင်း ကို ခေါ်ယူသော်လည်း ချော်ဂျစ်ဆင်း က မလာတဲ့အပြင် ..အက္ကပတ် စစ်ဗာရီတို့ကို ငှားပြီး မြန်မာတို့ ချီတက်မယ် ထင်တဲ့ လမ်းကြောင်းများကို ပိတ်ဆို့စေပါတယ် ..သားမယားများကိုလည်း အက္ကပတ်ကို ပို့ထားလိုက်ပါတယ် …ဒါကို ဘိုးတော် ဘုရားက သိတော့ ….ဒီပဲယင်းမြို့ဝန် နေမျိုးသူရရဲခေါင် တပ် ပါဝင်တဲ့ တပ်ပေါင်း နှစ်ဆယ်မှာ ရဲမက်လက်နက်ကိုင် နှစ်သောင်း ၊ မြင်း တစ်ထောင့်ငါးရာ နဲ့အတူ ဗိုလ်ချုပ် နေမျိုးမင်းလှ မဟာနော်ရထာကို ခန့်ပြီး ၁၁၇၅ ခု ၊ တပိုတွဲလပြည့်ကျော်(၁၁)ရက်နေ့ မှာ ချီတက်စေပါတယ်။

ချော်ဂျစ်ဆင်း ကလည်း မဏိပူရကနေ ခရီးတစ်သောင်းအကွာ တက်စိန် အရပ်မှ မြေကတုတ်တည်ပြီး အခိုင်အမာ ရင်ဆိုင်ဘို့ စီရင်ပါတယ်။ မြန်မာတို့ကလည်း နတ်ကျွန်းအောင်မြေကိုရောက်တော့ တပ် လေးတပ်၊မြင်း ငါးရာ၊ စစ်သည်သူရဲငါးထောင်နဲ့ သလ္လာသတီမြစ် ကိုဖြတ်ပြီး မလိမ်ခွေးပူကြောင်း တစ်ဌာန၊ ဗိုလ်ချုပ်နှင့်တကွသော နေမျိုးသူရရဲခေါင်တို့ပါ တပ်ပေါင်း တစ်ဆဲ့ခြောက်ဌာနကို အမူး ပန်းသာ တစ်ဌာန ….ဖြင့် နှစ်ကြောင်းနှစ်ဌာနခွဲပြီး ချီတက်ကြပါတယ်။

တမူးရောက်တဲ့အခါ ဆပ်ငါးတပ်ကို ဆူးပုံကြောင်း မှ ခွဲပြီးချီစေခဲ့ရာ ဒီပဲယင်းမြို့ဝန် နေမျိုးသူရရဲခေါင် ပါဝန်တဲ့ ဆူးပုံကြောင်း တပ်ဟာ ..အိုင်မွန်ချောင်းရွာအနီး ..တောစပ်မှာ ကသည်းအမတ်ကြီး ဟာစာရီ ဦးစီးတဲ့ ကသည်းတပ်နဲ့ ရင်ဆိုင်တွေ့ကြရာ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပါတယ် ..မြန်မာတပ်များကို ခါးလည် မှ အတိုက်ခံရသော်လည်း မကြောက်မရွံ့ ဆုတ်ခံခံကြရာ မြန်မာတပ်ရဲ့ စစ်အခင်းအကျင်း ဟာ (ဗ) ဗထက်ချိုင့် သဏ္ဍာန် ရှိတယ်လို့ ဆိုပါတယ် ..
နေမျိုးသူရရဲခေါင်ဟာ လက်က်ျာဘက်မှနေပြီး မိမိဘက်မှ နောက်မဆုတ်ရလေအောင် ကွပ်ကဲရင်း ရန်သူ အခြေအနေကျု ကြည့်ကာ တိုက်ခိုက်လျက်ရှိပါတယ်၊ ကသည်းတို့ ကလည်း ဆုတ်ခံခံနေတဲ့ မြန်မာတပ်တို့ကို ရှေ့မဲပြီး ဖိတိုက်နေဆဲမှာပင် နေမျိုးသူရရဲခေါင်ဟာ ကသည်းတပ်ရဲ့ ခါးလည်ကို ဖြတ်တိုက်ပါတော့တယ် ..ကသည်းတပ် ခါးပြတ်သွားပြီး ဆန်ကွဲ ကြဲသကဲ့သို့ ရှိစဉ် မြန်မာတပ်များက လိုက်လံ တိုက်ခိုက်ကြပါတယ် …အနည်းငယ်သော ကသည်းတပ်သားတို့သာ အိုင်မွန်ချောင်းကြီးထဲသို့ အသက်မသေဘဲ ရောက်ကြတယ်လို့ ဆိုပါတယ် ။
သည့်နောက်မှာတော့ ..ဗိုလ်ချုပ်ဟာ တပ်ပေါင်းဆဲ့ရှစ်တပ်နဲ့ တကွ စစ်သည်သူရဲတစ်ထောင့်ငါးရာနှင့် ၀န်းသိုမြို့ဝန်ကို လင်္ကျာကြောင်း၊ စစ်သည်သူရဲတစ်ထောင့်ငါးရာနှင့် မြေဒူးမြို့ဝန်ကို လက်ဝဲကြောင်း၊
စစ်သည် သူရဲသုံးထောင်နှင့် ဒီပဲယင်းမြို့ဝန် နေမျိုးသူရရဲခေါင်ကို အလယ်ကြောင်း စစ်သုံးကြောင်းဖြန့်ပြီး ကသည်းစော်ဘွားရဲ့ ကက်စိန်တပ်ကို ချီတက်ချဉ်းကပ်စေပါတယ်။

ကသည်းစော်ဘွားကလည်း ဆင်စီးလျက် ဆက်ရံ သုံးဆယ်၊ မြင်းတစ်ထောင် ၊ စစ်သည်ရဲမက် တစ်သောင်း နှင်ကအတူ ဆီးကြိုတိုက်ခိုက်ပါတယ်။ တပ်မှူးများအားလုံးကလည်း နေမျိုးသူရရဲခေါင် ရဲ့ ကြီးကြပ်ကွပ်ကဲမှုအတိုင်း နာခံ တိုက်ခိုက်ကြရာ နေမွန်းတဲ့ ချိန်လောက်မှာ ကသည်းတို့ ဆုတ်ခွာပြီး ခုခံကြပါတော့တယ်။ ကသည်းတို့ရဲ့ ကက်စိန်တပ်ဆိုတာ တောင်နှစ်လုံးကို ပိတ်ဆို့ ဆောက်လုပ်ထားတဲ့ တပ်ဖြစ်လို့ များစွာခိုင်ခန့် စိတ်ချရတဲ့ တပ် ဖြစ်ပါတယ် ..မြန်မာ ရဲမက်တို့ ကလည်း မိုးသီးမိုးပေါက် အဆက်မပြတ်လာတဲ့ လက်နက် ခဲယမ်းများကို အမှုမထားဘဲ တပ်တံခါးကို အတင်း ၀င်ရောက် စီးနင်းကြရာ နေ၀င်ချိန်မှာ တပ်တွင်းကို စီးနင်းသိမ်းပိုက်ပြီးဖြစ်ပါတော့တယ်။
ကက်စိန်တပ်မှ နှစ်တိုင်ကျော် အကွာအထိ လိုက်လံ တိုက်ခိုက်တယ်လို့ ဆိုပါတယ်။ စော်ဘွားကိုတော့ မမိလိုက်ပါဘူး။
နောက်တော့ ကသည်းပြည်ကို နေသားတကျစီရင်ပြီး စော်ဘွားညီတော် မာဂျစ်ဆင်း ကို ဘုရင့်အမိန့်တော်အတိုင်း နန်းတင်ပြီး နေပြည်တော်ကို ပြန်ခဲ့ကြပါတယ်။

သည်တိုက်ပွဲမှာ နေမျိုးသူရရဲခေါင်ရဲ့ တိုက်ခိုက်ရေးစွမ်းရည်ကို ပြသနိုင်ခဲ့ပါတယ်။ ထို့နောက် …မဟာဗန္ဓုလ ဘွဲ့ကို ရရှိစေမဲ့ …ဝေသာလီတိုက်ပွဲကို ဆင်နွဲရပါတယ် ။ ဝေသာလီတိုက်ပွဲမှာ နေမျိုးသူရရဲခေါင်ဟာ ဗိုလ်မှူးငယ် ဖြစ်သော်လည်း စစ်ကဲကြီးတို့ နည်းတူ စီမံခန့်ခွဲ အုပ်ချုပ်နိုင်တာကိုလည်းတွေ့ရပါတယ်။ တိုင်းပြည်ကို ပြန်ရောက်တဲ့ အခါမှာလည်း မင်းတရားကြီးက ရွှန်လန်းနှစ်သက်စွာ ချီးကျူးစကား မိန့်ကြားပါတယ်။

နောက်နှစ်နှစ်ခန့် အကြာမှာ ဘိုးတော်မင်းတရားကြီး အညာသီဟတောမှအပြန် ကိုယ်တော် မခန့်မကျန်းရှိရာမှ အထမမြောက်ဘဲ နတ်ရွာစံရာ ၁၁၈၁ ခုနှစ်၊နယုန်လမှာ မြေးတော် အိမ်ရှေ့ဥပရာဇာ စစ်ကိုင်းမင်း နန်းတက်တော် မူပါတယ်၊ စစ်ကိုင်းမင်းသား နန်းတက်လို့ ချီးမြှင့်ထိုက်သူတွေကို ချီးမြှင့်ရာမှာ နေမျိုးသူရရဲခေါ်င်ဟာ ဆုတော်ငွေ ကျပ် တစ်ထောင် ချီးမြှင့် ခံရပါတယ်။

နေမျိုးသူရရဲခေါင် ဆုငွေ တစ်ထောင် ချီးမြှင့်ခံရတဲ့ အခမ်းအနားမှာ သူ့ရဲ့ အထောင်းအထု ခံရသူ နန္ဒဗလ ကတော့ ဆုငွေ ငါးတယ် ကျပ်သာ အချီးမြှင့် ခံခဲ့ရပါတယ်။ နောက်များ မကြာမီမှာဘဲ ဒီပဲယင်းမြို့ထက် ကြီးတဲ့ အလုံးမြို့ဝန် အဖြစ် ခန့်ထားတာကို ခ့ရပါတယ်။ စစ်ကိုင်းမင်း သီရီပ၀ သုဓမ္မ မဟာရာဇာဓိရာဇာ ဘွဲ့ နာမ ခံတော်မူရာ သင့်လျော်ရာသူတို့ကိုလည်း သူကောင်းပြုပါတယ်။ အလုံမြို့ဝန် နေမျိုးသူရ ရဲခေါင်ကိုလည်း မင်းကြီး မဟာဗန္ဓုလ ဘွဲ့ပေးတော် မူပြီး ချီးမြှောက်တော်မူခဲ့ပါတယ်။

Wednesday, July 16, 2014

သိန်းဖေမြင့် ၊ ကျွန်တော်၏ အချစ်ဦး။

၁၉၂၇ - ၂၈ ခုနှစ်လောက်က ဖြစ်လေသည်။ ကျွန်တော်သည် ဘုတလင် ဆရာဥာဏ်ကျောင်းမှ နေပြီး၊ မုံရွာမြို့ နေရှင်နယ်ကျောင်း (အမျိုးသားကျောင်း) သို့ပြောင်းနေရ၏။ ဗာနက်ကူလာခေါ်  မြန်မာသက်သက် ကျောင်းမှ နေပြီး အင်္ဂလိုဗာနက်ကူလာခေါ် အင်္ဂလိပ် မြန်မာ နှစ်ဘာသာသင် ကျောင်းသို့ ပြောင်းရခြင်းဖြစ်သည်။ မြန်မာ ၄ တန်းအောင်ပြီး ကတည်းက အင်္ဂလိပ်စာကို အနည်းအကျဉ်း အလွတ်သင်ထားသဖြင့်၊ နေရှင်နယ်ကျောင်းက ကျွန်တော့်ကို စတုတ္တဆင့် (4 th Form) တွင် လက်ခံလေသည်။ (နေရှင်နယ်ကျောင်း စတုတ္တဆင့်သည် အခြားကျောင်း ပဉ္စမတန်းနှင့် ညီမျှကြောင်း သတ်မှတ်ထားကြသည်။)...(ကျွန်တော်၏ အချစ်ဦး၊စာမျက်နှာ ၅၉)

(မှတ်ချက်။..။ ဦးသိန်းဖေမြင့်သည် ၁၉၁၄ ခုနှစ် ဇူလိုင် ၁၀ ရက်ဖွားဖြစ်သဖြင့် ၁၉၂၇ - ၂၈ ခုနှစ်တွင် သူသည် အသက် ၁၃ နှစ် အရွယ်ဝန်းကျင်ခန့် ဖြစ်သည်။)


ညိုမြနှင့် ကခဲ့ရသော ပြဇာတ်တစ်ပုဒ်

ကျွန်တော်တို့ ကျောင်းနေချိန်တွင် မုံရွာမြို့ ဗုဒ္ဓါဘာသာ အထက်တန်းကျောင်းသည် စန်းပွင့်ချိန်ဖြစ်၏။ စာဘက်မှာ ထူးချွန်ရုံသာမက အားကစားဘက်တွင်လည်း ထူးချွန်နေလေသည်။ မုံရွာဘော်လုံးပြိုင်ပွဲတွင် ကျွန်တော်တို့ ကျောင်းအသင်းက ရှေ့တန်းရောက်နေ၏။ ချင်းစော်ဘွားသား ဟောင်ချင်ပေါ၊ ကမ်ချင်သန်းတို့ ညီအစ်ကိုနှင့်သူတို့ ၀မ်းကွဲအစ်ကို ဟောင်ယာချင်ပေါတို့သည် အထက်တန်းအရောက်တွင် ကျွန်တော်တို့ကျောင်းသို့ ပြောင်းလာခဲ့ကြပြီး ကျောင်းမှာ ရှိရင်းစွဲဖြစ်သော ကိုဖြိုး၊ ကိုအောင်ဖြိုး၊ ကိုနီ စသော နာမည်ကြီး ဘောသမားများကို အားဖြည့်ခဲ့ကြလေ၏။
ထိုအချိန်တွင် ကျွန်တော်တို့ကျောင်းသည် ကျောင်းကပွဲလည်း ကျင်းပရာ ပန်တျာအနုပညာတွင်လည်း ထင်ရှားသွားပြန်လေသည်။ ကျောင်းအပွဲတွင် ပါဝင်သော အစီအစဉ်များအနက် အစီအစဉ် ၃ ခုကိုသာ ကျွန်တော် မှတ်မိတော့၏။
တခုမှာ ကာယ လေ့ကျင့်ခန်း အလှပြဖြစ်၏။ နောက်ခံတေးဂီတနှင့် ပြခြင်းဖြစ်၍ လွန်စွာလှပြီး မြိုင်ဆိုင်သည်။ ယင်းနောက်ခံ တေးဂီတမှာ စစ်တပ်ဘင်တီးဝိုင်းမှ ဂီတသံကို အခြေခံထားခြင်း ဖြစ်သည်။ တင်ဆက်သူမှာ ဦးဂုဏ်ဘန် ဖြစ်လေသည်။
အခြား ဦးဂုဏ်ဘန် မဟုတ်ပါ။ ယနေ့ ကျော်ကြားနေသော မြန်မာပညာရှိ ဦးဂုဏ်ဘန်ပင် ဖြစ်ပါသည်။ ထိုစဉ်က သူသည် ဘီဘီတီစီမှာ စာရေးကြီးလုပ်နေ၏။ သို့သော် သူသည် ၀ါသနာစုံလှသည်။ အင်္ဂလိပ် မြန်မာ တေးဂီတ၊ ဇာတ်၊ ရုပ်သေး၊ စာပေ၊ ခြင်းလုံး၊ ကာယလေ့ကျင့်ခန်း စသည်ဖြင့်။ ပေါင်းသင်းဆက်ဆံရေး ကောင်းလှသဖြင့် (ထိုစဉ်က မပျောက်ကွယ်သေးသော) ကာလသားခေါင်းသဖွယ် အများ၏ လေးစားခြင်းကို ခံရသူ ဖြစ်လေသည်။ သူသည် ကျောင်းဆရာ မဟုတ်ပါ။ သူ့အဖေ ဦးသိုင်းသည်ဗုဒ္ဓါဘာသာ အထက်တန်းကျောင်း၏ အုပ်ချုပ်ရေးအဖွဲ့တွင် ဥက္ကဋ္ဌအဖြစ် နှစ်ပေါင်းများစွာ ဆောင်ရွက်ခဲ့သဖြင့် ဦးဂုဏ်ဘန်သည် ဗုဒ္ဓါဘာသာကျောင်းနှင့် ကျောင်းဆရာ တစ်ဦးသဖွယ် ရင်းနှီးခြင်းဖြစ်ပါ၏။
နောက်အစီအစဉ် တစ်ခုမှာ လူဖြူနှင့် နီဂရိုးတွဲဆိုရသော သီချင်းတစ်ပုဒ်ဖြစ်၏။ ဘာအဓိပ္ပါယ်ရှိသည်ဟု မသိရသည့် တာရာရာဘွန်ဒရီးန်ဟူသော အသံကိုသာ သတိရတော့သည်။ သိန်းတင် (ညိုမြ) က မျက်နှာဖြူလုပ်ပြီး ကျွန်တော်က နီဂရိုးလုပ်ရသည်။ တယောက်က မျက်နှာကို ပေါင်ဒါ ဖွေးနေအောင် လိမ်းရပြီး တယောက်က အိုးမဲ သုတ်ထားရသည်။
ကျွန်တော် မှတ်မိသော တတိယ အစီအစဉ်မှာ အော်ပရာပြဇာတ် အတိုကလေးဖြစ်၏။ ပါဠိနာမည် ပေးထားသော တခုသောပြည်တွင် တယောက်သော ဘုရင် စိုးစံလေ၏။ ထိုဘုရင်သည် ရူးပေါပေါဖြစ်၏။ (ကာမဂုဏ်နှင့် ပတ်သက်ပြီး ဥမ္မတ္တက ဖြစ်နေ၏။) ဘုရင်ရူးကြီးကို ပါဠိဘွဲ့တွေ ပေးထားသော သက်တော်ရှည် နန်းရင်းဝန်ကြီးက ထိန်းကျောင်းနေရ၏။ အချင်းချင်း လွန်စွာကြင်နာသော ဇနီးမောင်နှံတတွဲ (မင်းသားနှင့် မင်းသမီး) ရှိလေရာ ၊ ဘုရင်ရူးကြီးက မင်းသမီးကို အတင်းလုယူလေသည်။ ဘုရင်ရူးကြီးသည် မယားကို လုယူရုံမက မင်းသားကို နှိပ်စက်သေးသည်။
ဘုရင်က ဤသို့ မတရားမှု ပြုသည်ကို နန်းရင်းဝန်က ဖြောင်းဖျတားမြစ်သော်လည်း မရ။ နောက်ဆုံးတွင် ဘုရင်ရူးကြီး ဒုက္ခရောက်ရလေသည်။
သိန်းတင် (ညိုမြ) က ဘုရင်ရူးလုပ်ပြီး ကျွန်တော်က နန်းရင်းဝန်လုပ်ရသည်။ တင်မြဆိုသော ချောင်းဦးသားက မင်းသားအဖြစ်ဖြင့်၎င်း၊ ချစ်ချစ်ဆိုသော မိန်းမရှာတဦးက မင်းသမီး အဖြစ်ဖြင့်၎င်း ကပြကြလေသည်။ (ချစ်ချစ်သည် ယခုခေတ် မိန်းမရှာမျိုး မဟုတ်ပါ။)
ဤပြဇာတ်ကို ကျွန်တော် ရေးခဲ့ပါသည်။ ဇာတ်လမ်းဇာတ်ကွက်ကို ကိုယ်ပိုင်ဉာဏ်ဖြင့် ဖန်တီးထားပြီး ဇာတ်စာ ဇာတ်စကားအချို့ကို ကိုယ်ပိုင်ဉာဏ်ဖြင့် ရေးထားသောကြောင့် ကျွန်တော်ရေးသော ပြဇာတ်ဟု ခေါ်လိုက်ရခြင်း ဖြစ်ပါသည်။ သို့သော် အများစုမှာ သူများရေးထားသော စာများဖြစ်ပါသည်။ ထိုမှ ဇာတ်စာယူ၊ ဤမှ ဇာတ်စကားယူ၊ ဟိုထဲက နှစ်ပါးသွား သီချင်းယူ၊ သည်ထဲက ငိုချင်းယူ၊ အမျိုးမျိုးယူပြီး ထည့်ထားခြင်းသာ များပါ၏။
နန်းရင်းဝန်က ဘုရင်ရူးကို ထိန်းကျောင်းသည် ဆိုရာဝယ် သူတို့ နှစ်ယောက်ထဲရှိလျှင် ထိန်းကျောင်းရခြင်းဖြစ်၏။ ထိုအချိန်မှာ နန်းရင်းဝန်က အပေါ်စီးရပြီး ဘုရင်က နန်းရင်းဝန်၏ စကားကို နားထောင်ပါသည်။ ရိုက်လျှင်ပင် ခံပါသည်။ လူများရှေ့တွင်ကား နန်းရင်းဝန်သည် ဘုရင့်နောက်က လိုက်ပြီး ဘုရင်ကို အရိုအသေပေးရသည်။ ဘုရင်က နောက်လှည့်ကြည့်လိုက်သည်နှင့် တပြိုင်နက် နန်းရင်းဝန်က ဒူးထောက်ကာ လက်အုပ်ချီရလေသည်။ သိန်းတင်က ခဏခဏ လှည့်ကြည့်သည်။ ကျွန်တော်က ခဏခဏ ဒူးထောက်ပြီး လက်အုပ်ချီရသည်။ ထိုအခါ ပရိသတ်က တ၀ါးဝါး ရယ်ကြလေသည်။ ပြဇာတ်မှာ ဟာသလွှမ်းသော ပြဇာတ်ဖြစ်သည်။
မကြာမီက ဤပြဇာတ်အကြောင်း သိန်းတင် (ညိုမြ) နှင့် ကျွန်တော် အတိတ်ဆောင်ကြသောအခါ ဇာတ်စာတပုဒ်သာ သတိရကြတော့သည်။ ထိုဇာတ်စာကို ကျွန်တော်က တ၀က်တပျက်သာရပြီး သိန်းတင်ကတော့ အားလုံးရသေးသည်။ ကျွန်တော်တို့ အမှတ်ရကြသေးသော ဇာတ်စာမှာ ပေါင်ရင်းသီး ဆိုင်းဆင့်ဖြစ်၏။ သိန်းတင်ကတော့ ကျွန်တော်ရေးသောစာအဖြစ်ဖြင့် မှတ်မိနေခဲ့ပါသည်ဟု ဆို၏။ ကျွန်တော် ကိုယ်တိုင်ကမူ ကိုယ်တိုင်ဉာဏ်ဖြင့် ရေးသည်ဟု မထင်ပါ။ ဘယ်က ကူးယူထည့်ထားသလဲလို့လဲ မပြောတတ်ပါ။  ပေါင်ရင်းသီး ဇာတ်စာမှာ အောက်ပါအတိုင်း ဖြစ်လေသည်။
"ရေးဘိတ်, ထားဝယ်, တနင်းဆွယ်၊ ကျယ်သည့်လေးမြို့၊ ဒူရင်းသီးအမည်၊ ရွှေဘွဲ့ချီ၊ ဒီအသီးကိုတော့ လူကြီး လူငယ်၊ ကြိုက်တတ်ပါသည်။
နို့ - ဆရာရယ်၊ ဒူးရင်းသီးသာရှိ၊ ပေါင်ရင်းသီး မရှိဘူးလားလို့ စောဒက တက်စရာ ရှိသကိုးဗျ။
ပေါင်ရင်းသီးရှိကြောင်း ကောင်းကောင်းကြီး ပြောခဲ့တော့မယ်။ အကြီး တကျပ်၊ အလတ် ငါးမူး၊ အထူးသည့်ပြင်၊ သေးလည်းတမတ်၊ ကြိုက်တတ်လျှင် ၀ယ်လို့ သုံးကြတော့။ .......ပွဲတော်သူ ဇင်ဂမုန်းတို့ရဲ့ ၀တ်လာတဲ့ ပိုးထမီကို၊ ကိုယ်မသီ ဗလာကျင်းပါလို့၊ လူပျိုမောင် အီလို့ငြင်းတဲ့အောင်...........ကိုင်းအမ.....ပေါင်ရင်းသီးပြ"
ပရိသတ် တော်တော်နှင့် အရယ်မရပ်သော ဇာတ်ဖြစ်ပါ၏။ ဤဆိုင်းဆင့်နှင့် ဤဟာသသည် ဦးပုညရေးသော ကောသလပြဇာတ်မှ မောင်အောင်လံ၏ ဆိုင်းဆံနှင့်၎င်း၊ ဦးစိန်ကတုံးဇာတ်အဖွဲ့မှ လူရွှင်တော် ဦးရွှေအ၏ နတ်ပျက်ဆိုင်းဆင့်နှင့်၎င်း၊ စဉ်လာမပျက် ရှေ့သွားနောက်လိုက် ညီပါသည်။ ကြံကြံဖန်ဖန် အကြမ်းကို အနုလုပ်နိုင်ခြင်းသည်ပင် အစဉ်အလာ ဟာသတရပ် ဖြစ်ခဲ့ပါ၏။
ကျွန်တော်သည် ဝတ္ထုတပုဒ် ရေပြီးခဲ့ပြီ။ ပြဇာတ်တပုဒ်လည်း ရေးပြီးပြန်ပြီ။ ဝတ္ထုကား  မဂ္ဂဇင်းတွင် ပါသည် မပါသည် မသိ။ မပါဖို့က များသည်။ ပြဇာတ်မှာမူ စင်တင်ခဲ့ရသော ပြဇာတ်ဖြစ်သည်။ တ၀ါးဝါးနှင့် လူကြိုက်များပြီး စွန်သွားသော ပြဇာတ်လည်း ဖြစ်ပါ၏။ ဤကား ကျွန်တော်၏ စာရေးဆရာ အလုပ်သင်ဘ၀ အစ ဖြစ်ပါ၏။

အားလပ်ရက်မှာ လည်စရာ တွင်းတောင်ကိုရောက်ဖူးချင်လား

ဓာတ်ပုံ− မျိုးမင်းဦး
အားလပ်ရက်တွေမှာ မိုးတွေတစွတ်စွတ် ရွာချိန်နဲ့ တိုးနေလို့ အိမ်တွင်း အောင်းခဲ့ရသူတွေအတွက် ဒီတစ်ပတ်မှာတော့ ပူပြင်းခြောက်သွေ့ပြီး သွားလည်ချင်စရာကောင်းတဲ့နေရာလေး တစ်ခုကို ညွှန်းချင်ပါတယ်။ အဲဒီနေရာလေးကတော့ အခုတစ်လော သတင်းစာ စာမျက်နှာတွေထက်မှာ မကြာခဏပါရှိလာနေတဲ့ စိမ်းပြာရေညှိများ ထွက်ရှိခဲ့ရာ တွင်းတောင်ခရီးစဉ်လေးပါပဲ။
တွင်းတောင်ဆိုတာ လွန်ခဲ့ တဲ့ ၂ နှစ်လောက်ကတော့ ဆေး ဖက်ဝင် စပီရူလိုင်းနားလို့ခေါ်တဲ့ စိမ်းပြာရေညှိတွေ အမြောက်အမြားထွက်ရှိခဲ့တဲ့ ရှားပါးသဘာဝ နေရာကြီးတစ်ခုပါ။ စိမ်းပြာရေ ညှိတင်မက လက်ဖက်တို့ထဲထည့် စားတဲ့တွင်းပိုးကောင်တွေထွက် ခဲ့တဲ့နေရာတစ်ခုပေါ့။ အခုတော့ စိမ်းပြာရေညှိလည်း မထွက်နိုင် တော့သလို တွင်းပိုးကောင်လည်း မရနိုင်တော့တာတွေ ဖြစ်စပြုလာ ပါပြီ။ အဲဒီလို သဘာဝသယံဇာတ တွေ ကုန်ခန်းစပြုလာနေပေမယ့် တွင်းတောင်ကြီးကတော့ စိမ်းစို လှပနေဆဲပါ။
ကဲ..တွင်းတောင်ကို ဘယ် လိုသွားလို့ရမလဲဆိုတာ ပြောပြ ချင်ပါတယ်။ တွင်းတောင်က မုံရွာမြို့ရဲ့ မြောက်ဘက်မိုင် ၂၀ ကျော်လောက်ဝေးတဲ့ ဘုတလင်မြို့နယ်တွင်းမှာ တည်ရှိတာပါ။ ဒါကြောင့် မုံရွာမြို့ကို အရောက်သွား၊ အညာဒေသ ဘုရားစုံဖူးပြီး အဲဒီကနေတစ်ဆင့် ဆက်သွားဖို့ သင့်လျော်လှတဲ့ နေရာလေးတစ်ခုပါပဲ။ ဘာကြောင့်လဲဆိုတော့ ကားနဲ့ပဲ ဖြစ်ဖြစ်၊ ဆိုင်ကယ်နဲ့ပဲဖြစ်ဖြစ် တစ်နာရီ ကျော်ကျော်လောက် မောင်းလိုက်တာနဲ့ ရောက်နိုင်တာမို့ပါ။
မုံရွာကနေ ဘုတလင် အသွားလမ်းတစ်လျှောက်မှာ တမာပင်တန်းတွေ စီတန်းနေတာမို့ ကြွေစပြုနေပြီဖြစ်တဲ့ တမာသီးရဲ့စူးရှရှအနံ့ကိုသင်ရှူရှိုက်ရမှာပါ။ သင့်မှာ အညာသူ၊ အညာသားခရီးဖော်တစ်ဦး ပါလာခဲ့တယ်ဆိုရင်တော့ တန်းစီပေါက်နေတဲ့ တမာပင်တွေအကြောင်း စကားစကြည့်ပါ။ ပါးစပ်က အမြှုပ်ထွက်မတတ် အညာရဲ့ ဝိသေသ တမာပင်တွေအကြောင်း ပြောပြပါလိမ့်မယ်။ ဘုတလင်မြို့အနီးရောက် တော့မယ်ဆိုရင် မြို့မရောက်ခင် အနောက်ဘက်လမ်းခွဲကနေ ၇ မိုင်လောက် ဆက်လက်သွားရပါဦးမယ်။ အဲဒီလမ်းကတော့ မြေသား လမ်းဖြစ်သွားပြီမို့ မိုးတအားရွာ ရင်တော့ ရွှံ့ဗွက်ထတတ်တယ်လို့ ဆိုပါတယ်။ ပုံမှန် ရာသီဥတုနဲ့ဆိုရင်တော့ သွားလို့ကောင်းပါ တယ်။ တွင်းတောင်သွားရင်း လမ်းတစ်ဖက်တစ်ချက်က လယ် ယာလုပ်ငန်းခွင်တွေကိုလည်း လေ့လာသွားနိုင်ပါသေးတယ်။ ၇ မိုင်လောက် ဆက်သွားပြီးရင် တော့ တွင်းတော်ရွာကိုတွေ့ရပါ မယ်။ တွင်းတော်ရွာကနေ ဆက် တက်ရဦးမှာပါ။ လမ်းကတဖြည်း ဖြည်း အတက်လမ်းဖြစ်လာပါပြီ။ တွင်းတော်ရွာကနေ ၁၀ မိနစ်ခန့် တက်လိုက်ရင်တော့ ခပ်မြင့်မြင့် နေရာတစ်ခုကို ရောက်လာမှာဖြစ် ပြီး အဲဒီနေရာကနေ အောက်ကို တစ်ချက် လှမ်းကြည့်လိုက်မယ်ဆိုရင်တော့ ဒယ်အိုးကြီး တစ်ခု အသွင်သဏ္ဌာန်စိမ်းစိမ်းစိုစိုသစ် ပင်အုပ်အုပ်ဆိုင်းဆိုင်းတွေ ဝန်းရံ နေတဲ့ တွင်းတောင်အင်းကို တွေ့ ရမှာဖြစ်ပါတယ်။
အဲဒီနေရာကနေ အောက်ကို ဆင်းဖို့အတွက် အတော်လေး သတိထားရတော့မှာပါ။ ဘာလို့ လဲဆိုတော့ မတ်စောက် ကျဉ်း မြောင်းလှပြီး အကွေ့အကောက် တွေပေါများလှတဲ့ တောင်ဆင်း လမ်းကို ဆင်းရတော့မှာမို့ပါ။ တောင်ဆင်း လမ်းကိုလည်း တောက်လျှောက်ကြီးဆင်းမသွား ပါနဲ့ဦး။ လမ်းတစ်နေရာရောက် တိုင်း တွင်းတောင်အလှကတစ် မျိုးပေါ်လာပြန်တာမို့ အမှတ်တရ ဓာတ်ပုံရိုက်ကူးနိုင်ပါသေးတယ်။ မိနစ်အနည်းငယ်ခန့်ဆင်းလာပြီး ရင်တော့ စိမ်းပြာရေညှိထုတ်လုပ် ငန်းလုပ်ကိုင်နေတဲ့ အဆောက် အအုံခြံဝင်းကို ရောက်ရှိမှာဖြစ်ပါတယ်။ စက်ရုံဝင်း အတွင်းကို ဝင်ခွင့်တောင်းပြီး စတင်လေ့လာ လို့ရပါပြီ။
တွင်းတောင်အင်းကမ်းစပ် တစ်လျှောက်မှာ သစ်ပင်တွေက အုပ်အုပ်ဆိုင်းဆိုင်းပေါက်နေတာ ကြောင့် တောတွင်းခရီးလေးတစ် ခုအသွင် ခံစားရမှာပါ။  တော တန်းလေးအတွင်း ဖြတ်သန်းရင်း ကမ်းစပ်နေရာတစ်ခုနားမှာတော့ ခပ်မြင့်မြင့် ဘန်ဂလိုလေးတစ်ခု တွေ့ရမှာဖြစ်ပါတယ်။ အဲဒီဘန် ဂလိုမှာ အနားယူရင်း တွင်းတောင် အင်းအလှတစ်ဝကြီးခံစားလို့ရပါ တယ်။ ပြာလဲ့လဲ့ကောင်းကင်ရယ်၊ စိမ်းညို့ညို့တောအုပ်ရယ်၊ ဖက် ဖူးစိမ်းရောင်ရေပြင်ကြီးရယ် တို့ ကသင့်စိတ်နှလုံးကိုကြည်နူးစေပါ လိမ့်မယ်။
တွင်းတောင်ခရီးစဉ်မှာ သွား လာစရိတ်ကလွဲလို့ ကျန်တာမကုန် နိုင်ပါဘူး။ ဘာလို့လဲဆိုတော့ စား သောက်ဆိုင်တစ်ဆိုင်မှမရှိလို့ပါ။ တွင်းတောင်ထဲမှာသင့်ဟန်းဖုန်း က ဆက်သွယ်မှုဧရိယာ ပြင်ပ ရောက်သွားတဲ့အတွက် ဖုန်းအဆက်အသွယ်တွေ ကင်းလွတ်ခွင့်ရပါလိမ့်မယ်။ စိတ်ကြိုက်အနားယူအပန်းဖြေလေ့လာပြီး ပြန်မယ် ဆိုရင်တော့ သင်တို့ သတိထား ဆင်းခဲ့ရတဲ့ မတ်စောက်လှတဲ့ တောင်ပတ်လမ်းကို သတိကြီးစွာနဲ့ ပြန်တက်ရဦးမှာပါ။
တွင်းတောင် ခရီးစဉ်ဟာ တောင်ဆင်း၊ တောင်တက်လမ်း ကို သတိထားရမှာကလွဲလို့ သင့် အတွက် ထူးခြားလှတဲ့အတွေ့ အကြုံတွေ ရရှိစေမှာ အမှန်ပါ။ ဒါကြောင့် ခုတစ်ပတ် အားလပ် ရက်မှာ အပန်းဖြေခရီးထွက်ချင် လို့ပဲဖြစ်ဖြစ်၊ အညာမြေမုံရွာကို ရောက်နေလို့ပဲဖြစ်ဖြစ် အလွယ် တကူ သွားရောက်နိုင်တဲ့ တွင်း တောင်ခရီးစဉ်ကို ထည့်သွင်းစဉ်း စားဖို့ အကြံပြုညွှန်းဆိုလိုက်ရပါ တယ်။        ။

7Day Daily

စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း ကြေးခေတ် ယဉ်ကျေးမှုနယ်မြေအသစ် ထပ်မံတွေ့ရှိ


ဘုတလင် ၊ ၁၃-၁-၂၀၁၄

စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာခရိုင် ဘုတလင် မြို့နယ် ညောင်ကန် ကျေးရွာအုပ်စု အုတ်အိုင် ကျေးရွာ ၏ အနောက် တောင်ဘက် အရပ်ရှိ ယာခင်း တောအတွင်းမှ ကြေးခေတ် ယဉ်ကျေးမှု နယ်မြေ အသစ်ကို ထပ်မံ တွေ့ရှိရ သည့်အတွက် ရှေးဟောင်း သုတေသန ညွှန်ကြားမှု ဦးစီးဌာန နှင့် နိုင်ငံခြားသား ပညာရှင်များ ပူးပေါင်း တူးဖော်လျက် ရှိကြောင်း တိုင်းဒေသကြီး အစိုးရရုံး က ပြောကြားသည်။

အဆိုပါ ကြေးခေတ် ယဉ်ကျေးမှု နယ်မြေအသစ် ကို အုတ်အိုင် ကျေးရွာနေ တောင်သူကြီး ဦးဘတင် ၏ ကုလားပဲများ စိုက်ပျိုး ထားသည့် ယာခင်းတော အတွင်းမှ စတင် တွေ့ရှိ ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ၄င်း တွေ့ရှိချက် ကို ဆက်လက်၍ သုတေသန ပြုလုပ်နိုင်ရန် အတွက် မန္တလေး ရှေးဟောင်း သုတေသန ညွှန်ကြားမှု ဦးစီးဌနာ ဌာနချုပ်ရုံး ဒုတိယ ညွှန်ကြားရေးမှူး ဦးမျိုးမင်းကျော် နှင့် အဖွဲ့သည် French Arcaeological Mission in Myanmar အဖွဲ့မှ ပြင်သစ် နိုင်ငံသား ပညာရှင် ၃ ဦး ၊ ဘယ်လ်ဂျီယံ နိုင်ငံသား ပညာရှင် တစ်ဦး နှင့်အတူ ယခုလ ၁၀ ရက်မှ စတင်ပြီး ဒေသခံ လုပ်သားများ ဖြင့် စတင် တူးဖော် နေခြင်း ဖြစ်ကြောင်း သိရသည်။

ကြေးခေတ် ယဉ်ကျေးမှု နယ်မြေ အသစ်ကို တူးဖော်ရန် လျာထားသည့် လယ်ယာမြေ အကျယ်အဝန်း သည် သုံးဧက ဖြစ်ပြီး တူးဖော်မည့် ရက် ကာလသည် အနည်းဆုံး တစ်လခန့် ကြာမြင့်မည် ဖြစ်ကြောင်း ရှေးဟောင်း သုတေသန ဒုတိယ ညွှန်ကြားရေးမှူး ဦးမျိုးမင်းကျော် က ပြောသည်။

အဆိုပါဒေသရှိ ဒေသခံ တောင်သူကြီး များသည် တောင်သူ လုပ်ငန်းခွင်၌ ထွန်ယက် စိုက်ပျိုး သည့်အခါ လူအရိုးများ မကြာခဏ တွေ့ရှိ ကြရပြီး ရှေးယခင်က ထိုဒေသတွင် တိုင်းရင်းသား မျိုးနွယ်စုများ နေထိုင်ခဲ့ ဖူးသည့် ရွာဟောင်းကြီး တစ်ခုဖြစ်မည် ဟု ခန့်မှန်း ယူဆ ခဲ့ကြသည် ဟု ပညာရှင်များ တည်းခို နေထိုင်နေသည့် အိမ်ရှင်ဖြစ်သူ အုတ်အိုင် ကျေးရွာခံ ဦးအောင်သန်း မှ ပြောပြသည်။

လွန်ခဲ့သော ၁၉၉၆ ခုနှစ် ပတ်ဝန်းကျင်ခန့် က အဆိုပါ ဒေသသို့ သုတေသနပြု စာတမ်းများ ရေးသားရန် လေ့လာရေး ရောက်ရှိ လာသည့် ဂျာမနီ နိုင်ငံသူ အက်စတာမိုး ( Ms. Eastermoe ) သည် ယခု တူးဖော် လျက်ရှိသော တောင်သူကြီး ဦးဘဝင်း ၊ ဦးလမ်းတို့၏ ယာခင်းတော များသို့ သွားရောက် လေ့လာပြီး မှတ်တမ်းများ ရယူ ခဲ့ဖူးကြောင်း ယာခင်း ပိုင်ရှင် ဦးလမ်း မှ အတည်ပြု ပြောကြားသည်။

အဆိုပါ ကြေးခေတ် ယဉ်ကျေးမှု နယ်မြေ တည်ရှိရာ ညောင်ကန် ကျေးရွာ အုပ်စုသည် ဘုတလင်မြို့ ၏ အနောက်ဘက် ၅ မိုင် ၄ ဖာလုံ ခန့်အကွာတွင် တည်ရှိပြီး ကျေးရွာ အုပ်စု၏ အကျယ်အဝန်း မှာ ၇၆၂၂ ဧက ရှိကြောင်း သိရသည်။

Themyawadydaily

ဒီတစ်ခါတော့ ဦးသိန်းဖေမြင့်ကို လွမ်းတယ်

ဒီခေါင်းစဉ်ကို ဖတ်ပြီး ဦးသိန်းဖေ မြင့်နဲ့ ရင်းနှီးတဲ့သူလို့ ထင်စရာရှိတယ်။ ပြောရရင် ဆရာသိန်းဖေမြင့်ကို တစ်ခါ မှ(သက်ရှိထင်ရှား)မတွေ့ဖူးပါဘူး။ သူ့ စာတွေ အတော် များများကို ဖတ်ဖူးပြီး စာထဲကတစ်ဆင့် သူ့အကြောင်းကို သိ ခဲ့၊ သူ့အတွေးအမြင်တွေကို နားလည်ခဲ့ တာပါ။ လောကကြီးမှာ ရင်းနှီးကျွမ်းဝင် တဲ့လူကိုမှ လွမ်းဆွတ်လို့ ရတာလား။ လူ ချင်းမရင်းနှီးပေမယ့် သူ့စာတွေကို ရင်း နှီးခဲ့သူတစ်ယောက်အနေနဲ့ တိုက်ဆိုင် မှုတွေ ရှိလာရင် သတိရခွင့်၊ လွမ်းခွင့် ရော မရှိဘူးလား။
အတိတ်က အသံ
ဒီရက်ပိုင်းထဲမှာ ‘ဘုတလင်မှ အသံ’ ဆိုတဲ့ စာအုပ်လေးကို ဖတ်ဖြစ်ခဲ့ တယ်။ ‘၁၉၅၆-၅၇ ခုနှစ်၊ ပါလီမန်ပြည် သူ့လွှတ်တော်အတွင်း အမတ် တစ်ဦး၏ ဝေဖန်တင်ပြချ က်များ’လို့စာအုပ်အဖုံး မှာ ရေးထားတာ တွေ့ရတယ်။ အဲဒီ အမတ်တစ်ဦးဆိုတာ ဘုတလင် အမတ် ဦးသိန်းဖေမြင့်ဖြစ်ပြီး (အတွင်းထဲက ဖော်ပြချက်ေ တွအရ)အမျိုးသားညီညွတ်ရေးတပ်ပေါင်းစုရဲ့ လွှတ်တော်အမတ်လို့ လည်း သိရပါတယ်။ ကျွန်တော်တို့တိုင်းပြည်မှာ လွတ် လပ်ရေးရပြီးတဲ့ ၁၉၄၈ကနေ ၁၉၆၂ ခု နှစ်အထိပါလီမန်ဒီမိုကရေစီစနစ် (ပါ တီစုံစနစ်) ကို ကျင့်သုံးခဲ့တယ်။ အဲဒီ ကြားထဲမှာ ၁၉၅၈-၆ဝ ညကာလဟာ ပထမ အကြိမ် စစ်အာဏာသိမ်းမှုဖြစ်ခဲ့တဲ့ ကာလ လို့ နိုင်ငံရေးလောကမှာအသိ အမှတ်ပြုထားတယ်။ စစ်တပ်က နိုင်ငံ တော်ကာကွယ်ရေးတာဝန်ကို ယူနေ တာကနေ တိုင်းပြည်အုပ်ချုပ်ရေး တာ ဝန်တွေကို ကျူးကျော် ဝင်သိမ်းယူတဲ့အစဦးဆုံးကာလလို့ သတ်မှတ်ထားကြ ပါတယ်။
ဦးသိန်းဖေမြင့်ဟာ ပြည်သူ့ညီ ညွတ်ရေးပါတီရဲ့ အထွေထွေအတွင်းရေး မှူးဖြစ်ခဲ့ပြီး ဘုတလင် မဲဆန္ဒနယ်က အမတ်ဖြစ်ခဲ့တယ်။ လွှတ်တော်ထဲမှာ အမတ်တစ်ယောက် အနေနဲ့ဆွေးနွေးခဲ့၊ ဝေဖန်တင်ပြခဲ့တာတွေဟာ ဒီကနေ့ ခေတ်ပါလီမန် စနစ်အတွက်ပါ စဉ်းစား စရာ ကောင်းတာတွေ ဖြစ်နေသေးတာ မို့ ‘ဘုတလင်မှအသံ’ စာအုပ်ထဲက တ ချို့ စကားလေးတွေကို ထုတ်နုတ်ပြချင် ပါတယ်။ ဒါကို ဖတ်ပြီးရင် ကျွန်တော်က ဘာကြောင့် ဦးသိန်းဖေမြင့်ကို လွမ်းရ တယ်ဆိုတာကို နားလည်နိုင်ကြ လိမ့်မယ်ထင် ပါရဲ့။
အနိုင်မကျင့်စတမ်း
၁၉၅၆ ခုနှစ်၊ ပြည်သူ့လွှတ်တော် ပါလီမန် ဥက္ကဋ္ဌ ရွေးပွဲမှာ ပြောခဲ့တဲ့ ဦးသိန်းဖေမြင့်ရဲ့ ထောက်ခံချက်ထဲက စကားတချို့ကို ပထမဆုံးထုတ်ပြချင် ပါတယ်။ အဲဒီကာလမှာ ဖဆပလအဖွဲ့ချုပ်က အာဏာရနေပြီး ဦးသိန်းဖေမြင့် အပါအဝင် ပမညတတွေက လွှတ်တော် ထဲမှာ အင်အားကောင်းတဲ့ အတိုက်အခံ ဖြစ်နေတဲ့ကာလပါ။ ”ကျွန်တော် တို့ဟာ ဒီမိုကရေစီကိုယုံကြည်တဲ့လူတွေ ဖြစ်ပါတယ်။ တစ် ဖက်ကလည်း ယုံကြည်တယ်လို့ အကြိမ် ကြိမ်ပြောပြီးသား ဖြစ်ပါတယ်။ ကျွန် တော်တို့လည်း ယုံကြည်ပါတယ်။ မိ ကျောင်းမင်း ရေခင်းပြသလို ပြောဆို ချင်တဲ့ သဘောမဟုတ်ပါဘူး။ သို့သော် လည်း ကျွန်တော် သတိပေးတဲ့ အနေနဲ့ ဒီမိုကရေစီ ဆိုတာ မဲသာရုံနှင့်၊ များရာ နိုင်ရုံနှင့် ဒီမိုကရေစီ မဟုတ်ဘူးဆိုတာဥက္ကဋ္ဌကြီးမှတစ်ဆင့် သတိပေးလိုပါ တယ်။ အဲသည်တော့ သည်လွှတ်တော် ထဲမှာ အမတ်အရေအတွက် များလို့၊ နည်းလို့၊ များသူက နည်းသူ ကို အနိုင်ကျင့်စတမ်းဆိုတဲ့သဘောမထားဘဲ ကျွန်တော်တို့ရဲ့ ဝေဖန်တာကို လေး လေးစားစား နားထောင်နိုင်ဖို့နှင့် ကျွန် တော်တို့လည်း အနိုင်ကျင့်မခံရအောင်၊ အများစု က အနည်းစုကိုအနိုင်ကျင့်တဲ့ သဘောမဖြစ်စေအောင်ဟာ ဥက္ကဋ္ဌကြီး က ထိန်းပေးဖို့ ကျွန်တော်တို့ မျှော်လင့် ပါတယ်” (စာ၊ ၈-၉)
ဒီစကားကို ပြောခဲ့တာက ၁၉၅၆ ခုနှစ်တုန်းကပါ။ ကျွန်တော်တို့ တိုင်း ပြည်မှာ စစ်အာဏာရှင်စနစ်ကို မြေစမ်း ခရမ်းပျိုးချိန် ကာလမတိုင်ခင်ကပါ။ မဆလ၊ နဝတ၊ နအဖ စစ် အစိုးရတွေမတိုင်ခင်ခေတ်ကပါ။ လွှတ်တော်ထဲမှာ မိုးကျရွှေကိုယ်စစ်တပ်အမတ်တစ်မတ်သား (၂၅ ခိုင်ရာနှုန်း)က အခန့်သား ဝင်မထိုင်ခင် ဟိုးအစောပိုင်း တုန်းက ပါ။တိုင်းပြည်လွတ်လပ်ရေးအတွက် ကြိုး ပမ်းခဲ့သူတွေထဲကပဲ အစိုးရဖြစ်သူဖြစ်၊ အတိုက်အခံဖြစ်သူဖြစ်၊ သူပုန်ဖြစ်သူဖြစ် နေတဲ့ ခေတ်ကာလတုန်းကပါ။ ၂ဝဝ၈ ဖွဲ့စည်း ပုံနဲ့ ဖြစ်နေတဲ့ ဒီကနေ့ လွှတ်တော်ကို ဦးသိန်းဖေမြင့် ပြောခဲ့တဲ့ စကားနဲ့ နှိုင်းယှဉ်စဉ်းစားမိရင် မြင်နိုင်တာတွေ မြင်မိကြမယ် ထင်ပါ တယ်။ တချို့ သဘောထား အမြင်တွေ ဟာ ခေတ်တွေပြောင်းပေမယ့် ဟောင်း နွမ်းသွားတာမျိုး မရှိတတ်တာကိုပါ သတိပြုနိုင်ကြမယ်ထင်ပါရဲ့။
လူထုအကျိုးသာ အဓိက
ဦးသိန်းဖေမြင့်က ပါလီမန်ပြည်သူ့ လွှတ်တော်ထဲမှာ ဝေဖန်ဆွေးနွေးတာ တွေနဲ့ ပတ်သက်တဲ့ သဘောထားကို ပြောခဲ့တာကလည်း စိတ်ဝင်စားစရာပါ။ ”..ကျွန်တော် တို့ က ဝေဖန်မည်။ ဝေဖန်တဲ့အခါမှာ ဓမ္မဓိဋ္ဌာန်ကျကျနှင့် ဝေဖန်နိုင်အောင် ကြိုးစားမည်။ ဓမ္မ ဓိဋ္ဌာန်ကျကျနှင့် ဝေဖန်တယ်ဆိုတာ လူထု အကျိုးရှိတာ၊ မရှိတာအပေါ်မှာ မှတ်ေ ကျာက်ထားပြီး ဝေဖန်တာကို ဓမ္မ ဓိဋ္ဌာန်ကျကျနှင့် ဝေဖန်တယ်လို့ ခေါ်ပါ တယ်။” (စာ-၉)
လွှတ်တော်တစ်ခုခုထဲ ရောက်နေ တဲ့ အမတ်တိုင်းဟာ မဲဆန္ဒနယ်အသီးသီးက တက်လာကြသူတွေ ဖြစ်ပါတယ်။ (ဒီကနေ့ခေတ် လွှတ်တော်တွေထဲက တစ်မတ်သား အမတ်များကတော့ ခြွင်း ချက်ပါ။) မဲဆန္ဒနယ်တွေကနေ တက် လာတဲ့ အမတ်တွေဟာ ဘယ်နည်းနဲ့ အမတ်ဖြစ်လာဖြစ်လာ၊ သူတက် လာတဲ့ ဒေသေ တွက ပြည် သူတွေ အတွက် မား မားမတ်မတ် ရပ်ပြီး ပြည်သူလူထုအကျိုး ရှိစေမယ့် စကားတွေကိုပဲ ပြောဆိုဆွေး နွေးကြရမှာပါ။ ဦးသိန်းဖေမြင့်ရဲ့ စကား ကတော့ ရှင်းပါတယ်။ ‘ပြည်သူလူထု အကျိုးရှိတာ၊ မရှိတာ အပေါ်မှာ မှတ်ကျောက်ထားပြီး ဝေဖန်တာ’ ဖြစ်ပါ တယ်…တဲ့။ လူထု အကျိုးရှိမယ့် ကိစ္စ ကို အစိုးရက တကယ် လုပ်ရင် ထောက် ခံ မယ်။ လူထု အကျိုးနဲ့ဆန့်ကျင်တဲ့ ကိစ္စ ဆိုရင်ပြည်သူတွေရဲ့ကိုယ်စားကန့်ကွက် သွားမယ်လို့ပါ ပြောထားပါသေးတယ်။ ဒီလို သဘောထားမျိုးရှိပြီး တ ကယ့် လက်တွေ့ မှာ လည်း ပြောတဲ့ အတိုင်း လုပ်တဲ့ အမတ်မျိုးကိုရွေးချယ်ပေးခဲ့ ကြတဲ့ ပြည်သူလူထုတွေအတွက်ကတော့ ကျေနပ်စရာပါပဲ။
ဒီကနေ့ လွှတ်တော်ထဲမှာ အဲဒီလို အမတ်မျိုးတွေရှိနေပါပြီ။ ဘယ်နှယောက် ရှိပြီး လွှတ်တော်တစ်ခုလုံးရဲ့ ဘယ်နှရာ ခိုင်နှုန်းရှိနေပါပြီလဲ။ ‘မဲပေး ရွေးချယ်မိ တာ မှားပါပြီ’ လို့ပြည်သူလူထုက ရင် ထုမနာဖြစ်ရတဲ့ အမတ်မင်းတွေဟာ လွှတ်တော်ထဲမှာ ဘယ်နှရာခိုင်နှုန်းကြီး များတောင် ရှိနေပါပြီလဲ။ ပြည်သူလူထု ဆိုတဲ့စကားလုံး ကိုတွင် တွင် သုံးပြီး ကိုယ်ကျိုးစီးပွား၊ အုပ်စုအကျိုးစီးပွားနဲ့ သူတို့ ကို သူကောင်းပြုထားတဲ့ ပုဂ္ဂိုလ်ကြီးများ ရဲ့ အကျိုးစီးပွားအတွက်ပဲ ကာကွယ် ပြော ဆိုနေကြ သူတွေနဲ့ ပြတ်ြ ပတ် သား သား မရပ်တည်ရဲဘဲနှာစေးချောင်းဆိုး ဖြစ်နေတဲ့ လူမမာအမတ်မင်းတွေက လွှတ်တော်တွေမှာ အားကောင်းမောင်း သန်နေရာ ယူထားကြ ပါသလား။ ဒါက လည်း စဉ်း စားကြရမယ့် မေးခွန်းတွေ ဖြစ်ပါတယ်။
ငြိမ်းချမ်းစွာ ယှဉ်ပြိုင်မယ်
ဦးဗဆွေကို ဝန်ကြီးချုပ် တင် မြှောက်ပြီးတဲ့အချိန်မှာ ဦးသိန်းဖေမြင့် ရဲ့ ဆွေးနွေးချက်ကို ‘ပါလီမန်ဝေဖန် ချက်များ’ ဆိုတဲ့ ခေါင်းစဉ်နဲ့ဖော်ပြထား တယ်။ ဦးဗဆွေက ပြည် တွင်းစစ်ကြီးဖြစ်နေတာဟာ ဂိုဏ်းဂဏဝါဒတွေ ပြင်း ထန်ပြီး နိုင်ငံရေး သဘောကွဲလွဲတာ ကြောင့်လို့ ရေးဖူးပါတယ်..တဲ့။ ဦးနု ကလည်း နိုင်ငံရေး သဘောကွဲလွဲမှုဟာ အဓိက အကြောင်းဖြစ်တယ်လို့ မိန့်ခွန်း ပေးခဲ့ပါတယ်..တဲ့။ ဦးသိန်းဖေမြင့်က အဲဒီအချက်တွေကို ထောက်ပြပြီး
”…နိုင်ငံရေး သဘောကွဲလွဲခဲ့ လို့ရှိရင် နိုင်ငံရေးသဘောတူညီမှု ရ အောင် ဆွေးနွေးရမည်၊ စေ့စပ်ရမည် ဆိုတာ မရှောင်သာတဲ့ လုပ်ငန်းတစ်ရပ် ဖြစ်ပါတယ်။” (စာ-၂၇)လို့ အကြံပြုဆွေးနွေးခဲ့တယ်။ အဲဒီကာ လတုန်းက သူပုန်တွေ တောင်းဆိုနေတာ ကိုလည်း လွှတ်တော်ထဲမှာ ဦးသိန်းဖေ မြင့်က ဒီလိုပြောခဲ့ပါတယ်။ ”သူတို့တောင်းနေတာက ငြိမ်းငြိမ်း ချမ်းချမ်းနှင့် သည်မှာလာပြီး ဖဆပလ နှင့် မတူတဲ့ဝါဒကိုလည်း ငြိမ်းငြိမ်းချမ်း ချမ်းနှင့် ယှဉ်ပြိုင်ချင်တယ်။ ဒီမိုကရေစီ အခွင့်အရေးကို တင်းပြည့်ကျပ်ပြည့် ဘယ် အထိရမည်ဆိုတဲ့အနေနဲ့ တောင်း ဆိုခြင်းဖြစ် တယ်ဆိုတာ ကျွန်တော်တို့ သိနေရပါတယ်” (စာ-၃၁)
အဲဒီတုန်းက သူပုန်တွေဘက်က တောင်းဆိုတာဟာ တရားမျှတမှုရှိတယ်။ ဒါပေမဲ့ ပြည်တွင်းစစ်ကြီး ဆက်ဖြစ်ခဲ့ တယ်။ ပြည်တွင်းစစ်ကြောင့် စစ်တပ်က တန်ခိုးထွား လာပြီး နောက်ဆုံးမှာစစ် အာဏာရှင်စနစ်ကို ထူထောင်သွားခဲ့ တယ်။ ဒီနေရာမှာ ပြည်တွင်းစစ်၊ စစ် တပ်တန်ခိုးထွားမှုနဲ့ စစ်အာဏာရှင်စနစ် ဆိုတာဟာ ကွင်းဆ တွ ဖြစ် တယ် ဆိုတာသတိပြုမိကြပါလိမ့်မယ်။
ဒီကနေ့ခေတ်မှာလည်း သူပုန် တွေ၊ အတိုက်အခံ အဖွဲ့အစည်းတွေနဲ့ အစိုးရတို့ကြားမှာ နိုင်ငံရေးဆွေးနွေးဖို့ ပြင်ဆင်ပြောဆိုနေကြပါပြီ။ စစ်ပွဲတွေ၊ ပြင်းထန်တဲ့ ပဋိပက္ခေ တွ ချုပ်ငြိမ်းဖို့ဆိုရင် နိုင်ငံရေးအရ သဘောတူညီချက် တွေရှိလာဖို့ လိုပါတယ်။ ဒီအဆင့်ရဖို့ ဆိုတာ အပြောလွယ်သလောက် အလုပ် ခက်တယ်ဆိုတာ နားလည်ပါတယ်။ ကိုယ်ကျိုးနဲ့အုပ်စုအကျိုးကို မကြည့်ဘဲ တိုင်းပြည်အကျိုးကို (တကယ်) ကြည့်ပြီး ဆွေးနွေးနိုင်မှ အဆင်ပြေနိုင်မယ်ဆိုတာ ကိုလည်း သဘောပေါက်မိပါ တယ်။တိုင်းပြည် အနာဂတ်အရေးကို တွေးပြီး ဆွေးနွေးကြလိမ့်မယ်လို့ ထင်ပါသလား။
လေနည်းနည်းလျှော့
‘ဘတ်ဂျက်ဝေဖန်ချက်’ ထဲမှာ တော့ ဦးသိန်းဖေမြင့်က ဒီလိုထောက်ပြ ခဲ့ပါတယ်။ ”…နိုင်ငံအစိုးရခေါင်းဆောင် တွေရဲ့ စကားတွေ၊ လေလုံး ထွားထွား ပြောမှုေ တွကြော င့် ပြောတော့ မိုး လောက်၊ ဖြစ်လာတာက အဝီစိစိုက်ဆင်း နေသလို ဖြစ်ပါတယ်။ ဒါတွေကိုလည်း မေ့လို့မရပါဘူး” (စာ-၆၁)သူ့ခေတ်ကို ဦးသိန်းဖေမြင့် က ပြောေ နတာ ဖြ စ်ပေမယ့် အခုဖတ်နေရ တဲ့ ကျွန်တော်တို့အနေနဲ့ ကျတော့ ကျွန်တော်တို့ခေတ်က အစိုးရခေါင်း ဆောင်တွေ ကို ပြောနေသလို လိုတောင် ထင်မိနိုင်ပါ တယ်။ အဲဒီ လို ထင် မိတဲ့သူ တွေထဲမှာ စာဖတ်သူရော ပါနေပါသ လားခင်ဗျာ့။
ဒါကြောင့်လွမ်းတာ
ဦးသိန်းဖေမြင့်ရဲ့ ‘ဘုတလင်မှ အသံ’ စာအုပ်ထဲက ထုတ်ပြချင်တာတွေ ရှိပါသေးတယ်။ ဒီခေတ်အခြေအနေနဲ့ နှိုင်းယှဉ်စဉ်းစားကြည့်နိုင်အောင်ပါ။ အခုတော့ ဦးသိန်းေ ဖမြင့်ရဲ့ ဒီဆွေးနွေးချက်လေးနဲ့ပဲ ဆောင်းပါးကို နိဂုံးချုပ်ပါ ရစေ။ ”…..ပြည်သူလူထု မကျေ မနပ်ဖြစ်ရတာဟာ တကယ့်အကြောင်း ရင်း၊ အကြောင်းခံတွေရှိတယ်။ အဲသည် အချက်ကိုအသိအမှတ်ပြုပြီး ကိုယ်ချင်း စာနာတရားနှင့် ဖြေရှင်းဖို့ ကျွန်တော် အစီရင်ခံရခြင်း ဖြစ်ပါတယ်။ အဲသည် လို မဖြေရှင်းဘဲနဲ့ ပြဿနာတစ်ရပ် ပေါ် လာ လျှင်၊ လူထုလှုပ်ရှားမှုတစ်ရပ် ပေါ် လာလျှင် သုံးတဲ့နည်းတွေမှာ ဖိနှိပ်တဲ့ နည်းတွေ မသုံးဖို့ အရေးကြီးပါတယ်။” (စာ-၆၆)
ဒီလောက်ဆိုရင် ကျွန်တော်လွမ်းရ တဲ့ အကြောင်းကို နားလည်နိုင်မယ်ထင်ပါရဲ့။
နောင်ကျော်(ပေါ်ပြူလာဂျာနယ်)

အညာပြန် စာရေးဆရာ၏ အညာလွမ်းချင်း

ဖာတစ်တန် အထုပ်တစ်ဘက် ထမ်းပါလို့
အညာပြန် ရုတ်တရက် မလှမ်း နိုင်ဘူ့
သြော် ... နှုတ်ဆက်စမ်းချင်လို့ လာခဲ့တယ်။
သခင်ကိုယ်တော်မှိုင်း

အညာသား စာရေးဆရာများသည် အညာကို ထူးထူးခြားခြား လွမ်းတတ်ကြသည်။ ထိုသို့ လွမ်းဆွတ်တတ်သူများထဲတွင် စာရေး ဆရာ သိန်းဖေမြင့်လည်း ပါဝင်ပါသည်။ ဆရာ သိန်းဖေမြင့်သည် မုံရွာနယ် ဘုတလင်သား ဖြစ်သဖြင့် ဧပြီလဆန်း အားလပ်ရက်တွင် အချိန်လု၍ အညာသို့ ပြန်သွားခဲ့သည်။ အညာပြန်ခရီးအကြောင်း ဆောင်းပါးများကို အညာပြန် အမည်ဖြင့် ဆောင်းပါးပေါင်းချုပ် ထုတ်ခဲ့သည်။ ထိုစာအုပ်၏ ပထမစာမျက်နှာတွင် -

'ကိုယ့်ရပ်ကိုယ့်ရွာ အညာသို့ ပြန်မရောက်သည်မှာ ဆယ့်လေးငါး နှစ်ရှိလေပြီ။ အောက်ပြည်အောက်ရွာ ဖျာပုံသူနှင့် ညားမိသောကြောင့် အညာ ပြန်မရောက်သည်ကား မဟုတ်ပါပေ။ ငါးပိရည်ကြိုက်တတ်ပြီး ပဲကျားပြုတ်ကို မေ့နေသောကြောင့် အညာ ပြန်မရောက်ခြင်းလည်း မဟုတ်ပါပေ။ အကြောင်းမဆုံ အခွင့်မသင့် သောကြောင့်သာ မရောက်ရခြင်းဖြစ် ပေသည်'ဟု ဖြေရှင်းချက် ပေးထားပါသည်။ အခါမသင့် အခွင့်မကြုံ သဖြင့် အညာပြန်မရောက်ခြင်းဖြစ် ကြောင်း ဖြေရှင်းပုံမှာ ခိုင်လုံသဖြင့် ထိုစာကို ဖတ်ရသူတိုင်း ဆရာ သိန်း ဖေမြင့်ကို ခွင့်လွှတ်စိတ်ပေါ်လာပါ သည်။

မြန်မာစာပေသမိုင်းတွင် ထင်ရှားသည့် ဝတ္ထုတို ဝတ္ထရှည်များ အောင်မြင်စွာ ရေးဖွဲ့ခဲ့သည့် ဆရာသိန်းဖေ မြင့်သည် အညာ၏အလှကို စာဖွဲ့ရာတွင် အညာသားပီသသည်ဟု ဆိုနိုင်ပါသည်။ အညာ၏အလှ၊ အညာ၏ သဘာဝကို စာဖွဲ့ရာတွင် အညာရနံ့ ကြိုင်လှိုင်စေနိုင်ခြင်းမှာ ဆရာသိန်းဖေ မြင့်၏ အနုပညာဖြစ်ပါသည်။ အညာ ပြန်စာအုပ်တွင် ဆရာသိန်းဖေမြင့်က လေယာဉ်ကွင်းမှ ထွက်၍ ပေတစ်ရာ လမ်းမကြီးပေါ်သို့ တက်လာသော အခါ တမာပွင့်နံ့ သင်းသင်းလေးကို ရှူရှိုက်လိုက်ရလေသည်။ ထိုအချိန်မှ စ၍ မုံရွာ ဘုတလင်မှ ပြန်သည် အထိ တမာပွင့်နံ့သင်းသင်းလေး သည် နှာခေါင်းထဲမှ မထွက်တော့ ချေ။ နေရာတကာ၌ တမာပင်တွေ ရှိနေသည်။ တမာရွက်များက စမ်းဖန့်ဖန့်နှင့် စည်ကားလှသည်။ တမာပွင့်သင်းသင်းလေးကို ရှူရှိုက် ရင်း ငယ်စဉ်တောင်ကျေး ကလေး ဘဝတုန်းက အခုလို အချိန်မှာ တမာပင် ပေါ်တက်၊ တမာကိုင်းတွေကို ချိုး၊ သင်္ကြန်ကာလအတာအိုးတွင် ထိုးကြ သည်ကို သတိရနေလေသည်' ဟု ရေးဖွဲ့ခဲ့ပါသည်။

အညာတွင် တမာပင်များ ပေါများစွာရှိသဖြင့် တမာနံ့များ သင်းပျံ့နေတတ်ကြောင်း အခြားစာရေး ဆရာများရေးဖူးသော်လည်း ဆရာသိန်းဖေမြင့်က တမာနံ့ဟုမရေးဘဲ တမာပွင့်နံ့ဟု အတိအကျ ရေးခဲ့ပါသည်။ တမာနံ့ဟု ရေးခြင်းမှာ ယေဘုယျ ဆန်သဖြင့် တမာရွက် အနံ့လား၊ တမာဖူးအနံ့လား၊ တမာပွင့် အနံ့လား မခွဲခြားနိုင်သော်လည်း ဆရာသိန်းဖေ မြင့်က တမာပွင့်နံ့ဟု ရေးလိုက် သဖြင့် အညာ၏ သဘာဝကို အတိအကျ သိခွင့်ရခဲ့ပါသည်။ တမာနံ့ သင်းပျံ့နေသည်ဟု ဆိုလျှင် တမာပွင့်နံ့များ သင်းပျံ့နေခြင်းကိုဆိုလို ကြောင်း ဆရာသိန်းဖေမြင့်က ညွှန်း ပြခဲ့သည်ဟု ဆိုနိုင်ပါသည်။

ဆရာသိန်းဖေမြင့် ယခု တစ် ခေါက် အညာသို့ပြန်ခြင်းမှာ ဖခင် ကြီး အသည်းအသန် မမာမကျန်း ဖြစ်နေကြောင်း ကြေးနန်းရသဖြင့် သွားရခြင်းဖြစ်သည်။ ဖခင်ကြီးကို ပြုစုပြီးသောအခါ ဘုတလင်သား သူငယ်ချင်း အပေါင်းအသင်းများနှင့် တွေ့သည်။ ကဗျာဆရာဘုတလင် ချစ်လေးလည်း ဆရာသိန်းဖေမြင့်ကို လာတွေ့ပါသည်။ ထို့နောက် အလွန်ထူးဆန်းသော လူတစ်ယောက်နှင့် တွေ့ပုံကို ဆရာသိန်းဖေမြင့်က ရေးပြပါသည်။ ထိုသူ၏ အမည်မှာ ဦးအောင်စည်ဖြစ်ပြီး ရှေးတုန်းကအတိုင်းပင် နံငယ်ပိုင်းကိုသာ ဝတ်ထား၏။ ကျောကုန်း မွဲခြောက်ခြောက်မှာလည်းရှေးတုန်းက အတိုင်းပင် အင်္ကျီမပါ ဗလာဟင်းလင်း ဖြစ်၏။ ဆွတ်ဆွတ်ဖြူနေသော ဆံပင်များသည်ကျောပေါ်၊ လက်ပေါ်၊ ပခုံးပေါ်၊ ရင်ဘတ်ပေါ်တွင် ဝဲပြန့်ကျ ဆင်းနေကြသည်။

ဦးအောင်စည်သည် ကွပ်ပျစ်ပေါ်မှာ ဆောင့်ကြောင့်ထိုင်၍ သတင်းစာ ဖတ်နေသည်။ သူ့မျက်လုံးများ မမှုန် သေးသဖြင့် မျက်မှန်မပါဘဲ စာဖတ် နိုင်သည်။ ဦးအောင်စည်သည် အင်္ကျီလုံချည် မဝတ်သော်လည်း ကျောမွဲ နင်းပြားဆင်းရဲသား လယ်သမားအို ကြီးမဟုတ်ပါ။ တစ်ခါတုန်းက ဘုတလင်တွင် အချမ်းသာဆုံးကုန်သည် မြေပိုင်ရှင်တစ်ဦးဖြစ်၏။ ယခုတိုင် လည်ြး<ွကယ်ဝသူဖြစ်သည်။ ဦးအောင် စည်၏ထူးခြားချက်မှာ ပိုက်ဆံကိုရှာပြီး မသုံးဘဲစုထား ခြင်းဖြစ်သည်။ သူ၏ စက်ရက်ကန်းရုံမှထွက်သော ဘုတလင် အထည်များကို မြန်မာ နိုင်ငံတစ်ဝန်းသို့ တင်ပို့ရောင်းချ နေသော်လည်း သူကိုယ်တိုင် နံငယ်ပိုင်းသာ ဝတ်သည်။ ဦးအောင်စည်သည် ဆရာသိန်းဖေမြင့်နှင့် တွေ့သည့်အခါတိုင်း ဆုံးမလေ့ရှိသည်။ ယခု တစ်ခေါက်တွင်လည်း အင်္ကျီမပါ နံငယ်ပိုင်း ဝတ်ထားသည့် ဦးအောင်စည်က ''အင်း- လိမ်မာဖို့ ကောင်းပြီကွယ်'' ဟု ဆုံးမပါသည်။

မွေးရပ်မြေ အညာသို့ပြန်သွားစဉ် ဆရာသိန်းဖေမြင့်တွေ့ခဲ့သူများအနက် ဦးအောင်စည်သည် အထူးခြားဆုံး ဖြစ်ပြီး သူ့လို့လူမျိုး နှစ်ယောက်မရှိ နိုင်ဟုပင်ထင်မိပါသည်။ စီးပွားရေး လုပ်ငန်းကြီးများ ပိုင်ဆိုင်နေသော် လည်း အင်္ကျီလုံချည် မဝတ်သည် အထိ ခြိုးခြံချွေတာ နေခြင်းမှာ ဝါသနာနှင့် မဆိုင်ဘဲ ဆင်းရဲဇာတာ ပါနေခြင်းကြောင့်ဖြစ်လိမ့်မည်ဟု ထင် ပါသည်။ ဒူးနှစ်လုံးကြားထဲဦးခေါင်း ညှပ်ကာ သတင်းစာဖတ်နေသော ဦးအောင်စည်က စာရေးဆရာ၊ သတင်း စာဆရာ၊ နိုင်ငံရေးသမား ဆရာသိန်း ဖေမြင့်လို ပုဂ္ဂိုလ်မျိုးကို ''အင်း လိမ်မာဖို့ ကောင်းပြီကွယ်''ဟု ပြောခြင်းမှာ အလွန်ထိမိသော ပြက်လုံး တစ်ခု ဖြစ်နေပါသည်။ ဦးအောင်စည်၏ ဝတ်စားဆင်ယင်ပုံ ရယ်စရာကောင်း သလို ဦးအောင်စည်၏ ဆုံးမစကား ကလည်း ရယ်စရာ ကောင်းနေပါ သည်။

နေရာဟောင်းများကို လည်ပတ် ကြည့်ရှုပြီးနောက် ဆရာသိန်းဖေမြင့်က ဘုတလင် ဘူတာရုံ နေရာဟောင်းကို သွားကြည့်ချင်ကြောင်း ပြောသောအခါ သူငယ်ချင်း အချို့က မသွားဖို့ တားသည်။ ဘူတာရုံ နေရာမှာ တော်တော်ဝေးပြီး ဘုတလင် အနောက်မြောက်ဘက် ခပ်ခေါင်ခေါင် နေရာတွင် ရှိသည်။ ဘုတလင်၊ မုံရွာတွင် နေသူများပင် ထိုနေရာသို့ မရောက်သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ။ ဆရာသိန်းဖေမြင့်က စစ်ဒဏ်ကြောင့် ပျက်စီးနေသော ဘူတာရုံလေးကို အမှတ်တရ ကြည့်ချင်သည်။ ဘူတာရုံသို့ သွားသော တာလမ်းလေးမှာ မိုးကုပ်စက်ဝိုင်းကို ကျောခိုင်းလျက် ကွင်းပြင်အလယ်မှာ ထင်းခနဲ ဖြစ်နေသည်။ ဘူတာရုံနေရာသို့ ရောက်သောအခါ ဘူတာရုံကို ရှာမတွေ့ဘဲ တစ်ပိုင်းပြိုလဲနေသည့် အုတ်နံရံကိုသာ တွေ့ရတော့သည်။ ရုံပိုင်အိမ်နေရာမှ အုတ်ခုံများနှင့် လက်ဖက်ရည် ဆိုင်နေရာမှ အုတ်သမံတလင်းကို အလွမ်းပြေ တွေ့ခဲ့ရသည်။

မီးရထားလမ်းကို ရှာကြည့်သောအခါ ဇလီဖားတုံးများကိုလည်း မတွေ့ရ။ သံလမ်းကိုလည်း မတွေ့ရ။ ကျောက်လမ်းမို့မို့သာ တွေ့ရတော့သည်။ ယခင်ရှိခဲ့ဖူးသော တမာပင် များလည်း မရှိတော့ချေ။ ထိုကဲ့သို့ ဟာလာဟင်းလင်း ဖြစ်နေသော ဘူတာရုံနှင့် မီးရထားလမ်းကို ကြည့်ကာ ဆရာသိန်းဖေမြင့် အတွေးနယ်ချဲ့ နေမိသည်။ ငယ်ရွယ်စဉ် မုံရွာနှင့် မန္တလေးသို့ ကျောင်းတက်ရန် သွားစဉ် ထိုဘူတာရုံလေးအထိ အမေ လိုက်ပို့သည်။ လက်မှတ်ရုံမှ လက်မှတ်ထုသံ တဒုံးဒုံး ကြားရသောအခါ အမေ့ရင်မှာ တဒုံးဒုံး ခုန်နေရှာပေလိမ့်မည်။ မီးခိုးတွေ တလူလူနှင့် ရထားဝင်လာသည်ဆိုလျှင် အမေ့မျက်လုံးများ ရီဝေလာသည်။ အမေသည် ရထားပေါ်တွင် လိုက်ပါသွားသော သားဖြစ်သူ၏ မျက်နှာကို တမာပင်ရိပ်မှ ငေးကြည့်ကျန်ရစ်ရှာသည်။

ဆရာသိန်းဖေမြင့်သည် သူငယ်စဉ်က ဘုတလင် ဘူတာရုံတွင် မြင်ခဲ့ရသည့် ပုံရိပ်များကို သပိတ်မှောက် ကျောင်းသား ဝတ္ထုထဲတွင် ထည့်သွင်းရေးသားခဲ့ပါသည်။ ဇာတ်လိုက် ညိုထွန်းတက္ကသိုလ်တက်ရန် ရန်ကုန်သို့ သွားစဉ် မီးရထားဖြင့် သွားပုံကို ရေးသည့်အခါ ဘုတလင် ဘူတာရုံဟု မဖော်ပြဘဲ ဘုတလင် ဘူတာရုံ မြင်ကွင်းကို အသက်ဝင်စွာ ရေးခဲ့သည်။ ဆရာသိန်းဖေမြင့်၏ သပိတ်မှောက် ကျောင်းသား ဝတ္ထုထဲမှ အညာဘူတာရုံ မြင်ကွင်းသည် ဘုတလင် ဘူတာရုံကို ပြန်မြင်ယောင်ကာ ရေးထားခြင်း ဖြစ်သဖြင့် စာဖတ်သူများကလည်း ဘုတလင် ဘူတာရုံဟု ပင်သိနေကြပါသည်။ ရုပ်ရှင်သရုပ်ဆောင် လူရွှင်တော် သန်းနွဲ့ကပင် ''ဆရာရေ သပိတ်မှောက် ကျောင်း သားထဲက ဘုတလင် ဘူတာရုံလို စာမျိုးတွေ မရေးတော့ဘူးလား။

ရုံပိုင်က သမ်းဝေပြီး အပြင်ကို ငေးကြည့်နေတာတွေ၊ ခရီးသည်တွေ လက်မှတ်လာဝယ်ရင် လက်မှတ် ပေါ်မှာ တဒုံးဒုံးနဲ့ တံဆိပ်ထုပေး တာတွေ၊ ဘူတာရုံထဲက တမာပင်တွေကို လေဝှေ့လိုက်လို့ တရှဲရှဲမြည်သွားပြီး တမာသီးလေးတွေ တဖြုတ်ဖြုတ် ကြွေကျတာမျိုးတွေ ဖတ်ချင်တယ်ဆရာ''ဟု ဆရာသိန်းဖေမြင့်ကို ပြောခဲ့ဖူးပါသည်။

ဘုတလင် ဘူတာရုံကို သပိတ်မှောက်ကျောင်းသား ဝတ္ထုထဲတွင် အမှတ်တရ ရေးဖွဲ့ခဲ့သည့် ဆရာသိန်း ဖေမြင့်သည် ဘုတလင် သင်္ချိုင်း ပုံရိပ်ကိုလည်း အရှေ့က နေဝန်းထွက်သည့်ပမာ ဝတ္ထုကြီးထဲတွင် ရသမြောက် စွာရေးဖွဲ့ခဲ့ပါသည်။ ဇာတ်လိုက်တင်ထွန်းက ဖခင်၏ အုတ်ဂူကို ကန်တော့ခန်းတွင် အညာသချိုင်း ပုံရိပ်ကို ကွက်ကွက်ကွင်းကွင်း မြင်လာအောင် ရေးသားရာ၌ ဆရာသိန်းဖေမြင့်က ''ကျွန်တော်တို့ရွာ သင်္ချိုင်းကား သာယာသော သင်္ချိုင်းဖြစ်သည်။ အုပ်နေသော မန်ကျည်းပင်ကြီးများကြောင့် သင်္ချိုင်းမြေတစ်ခုလုံး စိမ်းလန်းအေးမြ နေသည်။ တရုတ်စကားပင်များကိုလည်း အနှံ့အပြား စိုက်ထားသည်။ ကန်လေးတစ်ကန်လည်း ရှိသည်။ ထိုကန်ဘောင်ရိုးတွင် တရုတ်နှင်းဆီပင်များနှင့် ဆပ်သွားဖူးရုံများ စည်ကားစွာ ပေါက်နေသည်။ သင်္ချိုင်းမြေ၏ ဘေးပတ်လည်တွင် ထန်းပင်များ စီတန်းစိုက်ထား၏။ ပြာသာဒ်လေးများဖြင့် လှပတင့်တယ်သော အုတ်ဂူလေးများ အများအပြား ရှိသည်။ သရဏဂုံတင်သော ဇရပ်ကလေးကလည်း မန်ကျည်းပင်များအောက်မှာ သပ်ရပ်လှပစွာ တည်နေသည်။ ထို့ကြောင့်လည်း ရပ်ဝေးရောက်နေသော ကျွန်တော်တို့ ရွာသားများက သေရင် တို့ရွာမှာပဲ သေချင်တယ်ဟု ပြောစ မှတ်ပြုကြခြင်း ဖြစ်သည်' ဟု ရေးခဲ့ပါသည်။

ဆရာသိန်းဖေမြင့်သည် ဘုတ လင်ဇာတိ ဘုတလင်သား ဖြစ်သဖြင့် ဘုတလင်ကို သံယောဇဉ်ကြီးသည်။ ၁၉၇၈ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်တွင် ကွယ်လွန်သောအခါ ဘုတလင်အထွက် ကားလမ်း၏ ဝဲဘက်တွင် ဆရာ၏ရုပ်ကလပ်ကို ဂူသွင်းသဂြိုဟ်ခဲ့ကြောင်း သိရပါသည်။ ကချေသည်မ တစ်ယောက်ကဲ့သို့ ပျော့ပျော့ပျောင်းပျောင်း ကွေးညွတ်နေသည့် ထနောင်းပင်ရိပ်တွင် ဂူလုပ်ထားသဖြင့် ဆရာ နှစ်သက်သည့် ပတ်ဝန်းကျင် အနေအထား ဖြစ်သည်ဟု ဆိုနိုင်ပါသည်။ ထိုအုတ်ဂူ ကျောက်တိုင်တွင် ရေးထိုး ထားသော ကမ္ပည်းစာသားမှာ မည်သူ နှင့်မျှမတူဘဲ တစ်မူထူးခြားနေ ကြောင်းတွေ့ရပါသည်။ စာရေးဆရာ၊ သတင်းစာဆရာ၊ နိုင်ငံရေးသမား၊ ဦးသိန်းဖေမြင့်(၆၄)နှစ်၊ ၁ဝ-၇-၁၉၁၄.... ၁၅-၁-၁၉၇၈

ဘဝကို ကျေနပ်နေသော ကျွန်တော်သည် သေရမှာလည်းမကြောက်၊ နေရမှာလည်းမကြောက်ချေ။ အနှစ် ၅ဝ ပြည့်အောင် ကျေနပ်စွာနေခဲ့ရပြီ။ သေလိုကသေစေ မနှမျောမကြောက်။ ကျေနပ်စွာနေခဲ့ရပြီ။ နေရဦးမည် ဆိုလျှင်လည်း ဝမ်းသာစွာနေမည်သာ ဖြစ်သည်။

သိန်းဖေမြင့်
၁၁-၇-၁၉၆၄

အုတ်ဂူကျောက်တိုင်ပေါ်မှ စာတမ်းသည် နှောင်းလူများမှတ်သား ထားသင့်သည့် အဓိပ္ပာယ်များပြည့် နှက်နေသည်ကို တွေ့ရပါသည်။ ထိုစာသည် ဆရာသိန်းဖေမြင့် အသက် ၅ဝ ပြည့်ချိန်တွင် အမှတ်တရ ရေ့း သောစာဖြစ်ပြီး ၆၄ နှစ်အရွယ်တွင် ကွယ်လွန်သောအခါ ထိုစာသားကို ကျောက်ထက် အက္ခရာ တင်ခဲ့ခြင်း ဖြစ်သည်။ သပိတ်မှောက်ကျောင်း သား ၁၉၃၈ တက်ခေတ်နတ်ဆိုး (၁၉၃၈)၊ လမ်းစပေါ်ပြီး (၁၉၄၈)၊ အရှေ့က နေဝန်းထွက်သည့်ပမာ ၁၉၅ဝ နှင့် တက်ဘုန်းကြီး (၁၉၇၃) တို့ကိုရေးသားခဲ့သည်။ ဆရာသိန်း ဖေမြင့်သည် သူနောက်ဆုံး ခိုနားမည့် အုတ်ဂူတွင် ရေးထိုးမည့်စာများကို ၁၄ နှစ်ကြိုတင် ရေးသားခဲ့သလိုဖြစ်နေ ပါသည်။

နိုင်ငံကျော် စာရေးဆရာ၊ သတင်းစာဆရာ၊ နိုင်ငံရေးသမား တစ်ယောက်က သေခြင်းတရားကို ရှုမြင်ပုံနှင့် သေခြင်းတရားကို စိန်ခေါ်ပုံသည် အလွန်ရိုးစင်းပြီး အလွန် တည်ငြိမ်သည်ဟု ဆိုချင်ပါသည်။ လူအားလုံးသည် တစ်နေ့နေ့ တစ်ချိန်ချိန်တွင် သေမင်းကို ရင်ဆိုင်ရမည် ဖြစ်ရာ ဆရာသိန်းဖေမြင့်၏ သဘောထားမျိုး ကြိုတင်နှလုံးသွင်း ဆင်ခြင်ထားသင့်သည်ဟု ထင်မိပါသည်။ အညာသား စာရေးဆရာ သိန်းဖေမြင့်သည် သေသည်အထိ အညာကို ချစ်ခဲ့ပါသည်။  

                                                                                                               

                                                                                                        ဘသန်းတင်                                                                                                                                                                                                                          ( ဈေးကွက်ဂျာနယ်)

ကုန်းဘောင်ခေတ် ဆရာတော် ဦးဗုဓ်


ဆရာတော်သည် သီလ သမာဓိ ပညာ ဂုဏ်ရည်ကြောင့် အင်းဝနှင့် အမရပူရ နေပြည်တော်တွင် ဘုရင်အကိုးကွယ်ခံ ရာဇဂုရု ဆရာတော်ကြီး ဖြစ်ခဲ့သည်။ ဘကြီးတော်နှင့် သာယာဝတီမင်း လက်ထက်တွင် အထူးထင်ပေါ်ခဲ့သည်။ စစ်ကိုင်းတိုင်း၊ အလုံမြို့နယ်၊ ညောင်ကန်ရွာ ဇာတိဖြစ်သည်။ ဗုဓ်စ, ဗုဓ်လယ်, ဗုဓ်ဆုံး ဟူ၍ ဆိုရိုးတွင်သည်အထိ စာပေအရာတွင် တတ်သိလှသည်။ ပါဠိ၊ နိဿယ၊ စကားပြေ၊ ကဗျာ၊ သတ်ပုံ၊ အမွှန်းဂါထာစုံ၊ စာမျိုးစုံ ပြုစုခဲ့သည်။ ရဟန်း ရှင် လူ အားလုံး လေးစားကြည်ညိုကြရသည့် ဆရာတော်သည် ပေစာကို လက်တွင်ကိုင်ရင်း ၀ိညာဉ်ချုပ်သွားသည်အထိ စာပေတာဝန် ထမ်းရွက်ခဲ့သည်။
သခင်အောင်ဖေရေးဖွဲ့ပူဇော်သော

ဆရာတော် ဦးဗုဓ်

၁၉၉၁ ခုနှစ်မှာ စတင်ထွက်ရှိခဲ့ပြီး စာပေနဲ့နိုင်ငံရေးကို စိတ်ပါဝင်စားသူတွေ ကြိုက်နှစ်သက်ခဲ့ကြတဲ့ မိုး ဂျာနယ် ဆိုရင် သိရှိကြပါလိမ့်မယ်။ အဲဒီ မိုးဂျာနယ်ကို တည်ထောင်ထုတ်ဝေခဲ့သူ သခင်အောင်ဖေ ရေးသား ပူဇော်တဲ့ ဆရာတော်ဦးဗုဓ် အတ္ထုပတ္တိစာအုပ်ငယ်ထွက်ရှိလာခဲ့ပါတယ်။ သခင်အောင်ဖေက တော့ ၁၉၉၈ တုန်းက ကွယ်လွန်သွားခဲ့ပါပြီ။ မိုးဂျာနယ်နဲ့ အခြားရေးသားခဲ့တဲ့ စာအုပ်များတော့ ကျန်ရှိ ရစ်ခဲ့ပါတယ်။ သခင်အော်ဖေရဲ့ခေတ်ကာလပေါ်မှာ မြော်မြင်ရေးသားတဲ့ "ဒီလိုပြောချင်သည်"ဆိုတဲ့ စာ အုပ်ကလည်း သမိုင်းလေ့လာသူတွေ ဖတ်ရမှတ်ရတဲ့ စာအုပ်ဖြစ်ခဲ့တာ သတိတရပြောချင်မိပါတယ်။

ဆရာတော်ဦးဗုဓ်ဆိုရင် မြန်မာနိုင်ငံသူ နိုင်ငံသားများ အကြောင်းချင်းရာမသိတဲ့လူတောင်မှ ဘွဲ့တော်ကို ကြားဖူးသလို ဉာဏ်ပညာကြီးသူအဖြစ် သိကြပါတယ်။ မောင်းထောင်ဆရာတော်၊ မာန်လယ်ဆရာ တော်၊ လယ်တီ ဆရာတော်တို့ ဘွဲ့တော်နာမည်ထင်ရှားသလို ဆရာတော်ဦးဗုဓ် အဲသည်နည်းတူ ထင်ရှား ကျော်ကြား ပါတယ်။ အထူးသဖြင့် မြန်မာရာဇဝင်မှာ ထင်ရှားခဲ့တဲ့ နန်းမတော်မယ်နုကို ဝဋ်ကြွေးရှိရင် ဆပ်ရမယ်လို့ မိန့်မှာဖူးတာကြောင့် အရပ်ထဲဇာတ်ထဲထိ ဒီစကားနဲ့စပ်လျဉ်းတိုင်း သတိရကြတဲ့ ဆရာတော် လို့ ဆိုနိုင်ပါတယ်။

ဆရာတော်ဦးဗုဓ်က အထက်ဗဒုံ(အလုံ)ကျေးလက်ညောင်ကန် ရွာသာခေါင်အရပ်မှာ ယာပိုင်ရှင်ဦးအို၊ ဒေါ်မွှေး တို့က ၁၁၄၉ ခုနှစ် နယုန်လပြည့်ကျော် ၅ ရက် အင်္ဂါနေ့မှာ ဖွားမြင်ပါတယ်။ လငပုပ်ဖမ်းချိန်မှာ မွေးလို့ မောင်ပုပ်လို့မှည့်ခေါ်ပေမယ့် လက်ဦးဆရာ ဆရာတော် ဦးသာပုံက ဗုဓသဒ္ဒါကိုထောက်ထားပြီး မောင်ဗုဓ်လို့အမည်ပေးပါတယ်။ ထူးခြားတာက ညောင်ကန်သာသနာဝင်ကျမ်းကို လေ့လာရင်း ဘွဲ့ တော်အမည်ထက် ငယ်နာမည်(လူအမည်)နဲ့သာ ထင်ရှားတာကို တွေ့ရပါတယ်။

ဆရာတော်ဦးသာပုံ၊ ဆရာတော်ဦးသူ၊ ဆရာတော်ဦးစသဖြင့် တွင်သွားကြပါတယ်။ ဆရာတော် ဦးဗုဓ် ရဲ့ဘွဲ့တော်က ရှင်ဇမ္ဗူဓဇဖြစ်ပေမယ့် တစ်လျှောက်လုံးဆရာတော်ဦးဗုဓ်အမည်နဲ့သာ ထင်ရှားပါတယ်။ ငယ်ဆရာ ဦးသာပုံက တပည့်ရဲ့ဉာဏ်ရည်သွေးကို အထူးအားရတာနဲ့ ပညာအရာမှာ သာလွန်တဲ့ ဆရာ တော်ဦးပိုး ထံကို "သင့်ရာအပ်ပို့ ဆရာတို့"ဝတ္တရားအတိုင်း ပညာသင်ကြားစေခဲ့ပါတယ်။ ဆရာတော်ဦးပိုးက နှယ် နှယ်ရရမဟုတ်ပါဘူး။ ကုန်းဘောင်ခေတ်သာသနာဝင်မှာ ထိပ်တန်းအာဇာနည် ရဲရဲတောက်များဖြစ်ကြ တဲ့ ဆရာတော်ဦးသူ၊ ဆရာတော်ဦးကျီးညိုတို့ကို မွေးထုတ်ပေးခဲ့တဲ့ ဆရာတော်ကြီးဖြစ်ပါတယ်။

အဲသည်ဆရာတော်ဦးပိုးကို ဘကြီးတော်ဘုရားက နေပြည်တော်ကိုပင့်ဆောင်ကိုးကွယ်ချိန်မှာ ဦးဗုဓ်က ၁၃ ဝါရနေပါပြီ။ ဥဘတောဝိဘင်းကို ပြန်ဆိုပြီးဖြစ်လို့ ညောင်ကန်ဂိုဏ်းအုပ်အဖြစ် တာဝန်ယူလိုက်ရပါ သည်။ သက်တော် ၃၃ နှစ်သာရှိပါသေးတယ်။ ရဟန်းသံဃာ ၁၀၀ ကျော်ကို စာပေပို့ချပေးတာ ကိုးနှစ် ကျော် ၁၀ နှစ်တွင်းရှိပါပြီ။ အဲသည်မှာ ဆရာတော် ဦးပိုးပျံလွန်တော်မူလို့ ညောင်ကန်သာသနာမှာ ပြဿနာ ပေါ်လာပါတယ်။

ဆရာတော်ဦးပိုးက အင်းဝနေပြည်တော်က မဟာအောင်မြေဘုံစံအုပ်ကျောင်းကြီးမှာ ကျောင်းထိုင်ခဲ့ရ တာ ပါ။ အုတ်ကျောင်းကြီးရဲ့ဒါယိကာမက ဘကြီးတော်မင်းရဲ့မိဖုရားခေါင်ကြီး မယ်နုဖြစ်ပါတယ်။ သူ့ ခေတ်က မန်ကျည်းရွက်နုနုမခေါ်ရဘဲ မန်ကျည်းရွက်ထွတ်ထွတ်လို့ ခေါ်စေသူပါ။ ငါ့ထက်သာသူမရှိစေ ရဆိုတဲ့ မယ်နုပါ။ သူလှူဒါန်းတဲ့ကျောင်းမဟာ အုတ်ကျောင်းမှာ ကျောင်းထိုင်ဖို့ တော်ရုံပညာစွမ်းနဲ့မဖြစ် လောက် ပါဘူး။

ဘယ်ဆရာတော်သင့်မသင့် စူးစမ်းမေးမြန်းတာတွေ ရှိနေချိန်မှာပဲ "မိုးကြီးချုပ်လို့ ဘုတ် ကြီးမည်၊ သာသနာ ဓါယမာတစ်ဖန်ထုတ်ဖို့ရန်၊ ရွှေအုတ်မယ့်ဆံထုံး၊နားလှည့်ပါဦး"ဆိုတဲ့ တဘောင်ပေါ်လာပါတယ်။ အမတ်ကြီး ပေါ်ဦးက တဘောင်သီချင်းအရ ဆရာတော်ဦးဗုဓ်ကိုပင့်ဖို့ပဲ လျှောက်ပါ တယ်။ သို့ပေမယ့် ဒီလောက် အလွယ်တကူ မဟုတ်ပါဘူး။ ဆရာတော်ဦးပိုးနေရာမှာ ကျောင်းထိုင်သူ ဟာ ဦးပိုးလို စာပေကျမ်းဂန် တတ်မြောက်ရမှာမို့ သုဓ္ဓမာဇရပ်မှာ ၇ ရက်ပတ်လုံးအမေးခံပြီးမှ ကျောင်း နဲ့သင့်လျော် မသင့်လျော် ဆုံးဖြတ်ရမှာပါ။

ဆရာတော်ဦးဗုဓ်ရဲ့ငယ်ဖော် ဦးဉာဏ်က ကျောင်းထိုင်ဖို့ပြောတာကို "ကိုဉာဏ်၊ မင်းဆရာလုပ်ရတာ စာ ကြည့်ပျက်တယ်။ ကိစ္စလည်းများတယ်။ မလုပ်လိုဘူး"လို့ ငြင်းပါတယ်။ သို့ပေမယ့် ပညာသင်ဆရာ တော်ရင်းဦးပိုးရဲ့တပည့်အများနဲ့ သီတင်းသုံးဖော်တွေ ကွဲပြားပျက်စီးမယ်၊ ငဲ့ညှာသီးခံပြီးနေပါ၊ ကိုယ့်စာ ကိုယ်ကြည့်ပြီး နေနိုင်ပါတယ်လို့ လျှောက်မှ လက်ခံပါတယ်။

သုဓ္ဓမာဆရာတော်ကြီးများက ဦးဗုဓ်ကို ပိဋိကတ်တော်ထဲက အလွတ်တရာခဲရာခဲဆစ်တွေကို မေးပါ တယ်။ ဦးဗုဓ်က ဒိုးဒိုးဒေါက်ဒေါက်ဖြေဆိုတာချည်းပါ။ ၅ ရက်မြောက်မှာ ဆရာတော်ကြီးများလည်း မေးစရာ မရှိတော့တဲ့အချိန်မှာ "ကိုဉာဏ် ငါးရက်ပတ်လုံးမေးတာ မဖြေနိုင်တာမရှိ၊ တပည့်တော်ကများ ပြန် မေးရရင် ဘယ်လိုနေကြလိမ့်မသိ"ဆိုတော့ အကင်းပါးတဲ့ မူးကြီးမတ်ကြီးများက သဘင်ကို ရုပ်သိမ်း လိုက်ရ ပါတယ်။

ကြားဖူးသိဖူးပြီးသားကို ထပ်ပြောချင်ပါတယ်။ ကြားဖူးသိဖူးပေမယ့် ဒါမျိုးပြောရတာ တယ်အရသာရှိ တယ်။ ဆရာတော်ဦးဗုဓ်ကို ရာဇဂုရုဘွဲ့တော်ဆက်ကပ်ပြီး ဘုရင်နဲ့မိဖုရားသီလခံတော့ ဆရာတော်က နှုတ်ပိတ် နေတယ်။ ဆရာတော်ဦးသူက "ကိုဗုဓ်တို့က လုပ်ကရော့မဗျ၊ အခုမှစခါရှိသေး၊ ဘာအလိုမကျ တယ် မသိဘူး၊ ဖွင့်ဟပြောမှပေါ့" လို့ဆိုပါတယ်။

ဦးဗုဓ်က "ရှိခိုးတယ်ဆိုတာ ကျမ်းဂန်ကတော့ ပဉ္စပတိ ဋ္ဌိတလို့ဆိုတယ်"။ သီလခံတဲ့ဘုရင်က ထိခြင်း ငါးပါးနဲ့ မညီဘဲ တံတောင်ဆစ်အောက်မှာ ကတ္တီပါခေါင်း အုံးခံထားတာကိုး။ ထိခြင်းငါးပါးက တံတောင်ဆစ် ၂၊ ဒူးဆစ်၂ နဲ့ နဖူးတို့ကြမ်းနဲ့ထိရပါတယ်။ အကင်း ပါးတဲ့မိဖုရားက ခေါင်းအုံးကိုဆွဲဖယ်လိုက်မှ သီလပေး ပါတော့တယ်။

သာသနာတာဝန်တစ်ခုတည်းသာ ထမ်းဆောင်တော်မူလိုတာမို့ လောကီရေးတွေကင်းပါတယ်။ ဘယ် လောက်ကင်းသလဲဆိုတော့ စာကြည့်ကျမ်းပြုရာမှ အထိအခိုက်မခံနိုင်လို့ ဘုရင်နဲ့မိဖုရားတောင် သိပ် ဂရုမထားပါဘူး။ နန်းမတော်ကတော့ ကျောင်းအမအနေနဲ့ ရင်းနှီးလိုပါလိမ့်မယ်။ ဒါကြောင့် စကားစရှာ ပြီး ပြောရပါတယ်။ ဘုရင်ကလည်း ဆရာတော်ကို ရွံ့ပါတယ်။ ဘုရင်က ဆရာတော်ကို ဖူးမျှော်ဖို့လာ တော့ ရှေ့တော်ပြေးများက ပျာယီပျာယာနဲ့ မင်းတြားကြီးကြွချီလာပါပြီလို့ လျှောက်တော့ "နင်တို့ရှင် ဘုရင်လာတာ ငါက အာဂန္တုက ဝတ်ပြုရဦးမှာလား"လို့ ငေါက်တာနဲ့ဝေးဝေးက ဦးချပြီးပြန်ရပါတယ်။

နန်းမတော်က နေ့စဉ်ဆွမ်းအုပ်ပို့ပြီး သီတင်းနေ့တိုင်း ဥပုသ်စောင့်ပါတယ်။ တစ်နေ့မှာ "ဘုရားတပည့် တော်မအား ငါးပါးသီလပေးသနားပါ"လို့ လျှောက်တော့ စာကြည့်ကျမ်းပြုနေရာကနေ "ကိုယ့်ဘာသာ ကိုယ်ဆိုပြီး ဆောက်တည်သွား"လို့ မိန့်ပါတယ်။ စာဖတ်ရင်းနဲ့ ရေမြေသနင်းပြည့်ရှင်မင်းကိုတောင် တရားပြည့်ပေတယ်။ ပညာရှင်ကို အလေးထားပေတယ်လို့ အားကျမိတော့တယ်။ တရားမပြည့်တဲ့ ဘုရင် မာနခဲ ဆိုရင် ဘယ်ရလိမ့်မလဲ။

ဆရာတော့်မှာ အဓိကကျနေတာကဖြင့် သာသနာတော်အရေးတစ်ခုထဲပါပဲ။ ပညာအရာမှာ ပြည့်သည် ထက် ပြည့်အောင်ဖြည့်တယ်။ ကျမ်းဂန်တွေ တစ်ခုပြီးတစ်ခုပြုစုတယ်။ ပိဋကတ်မှာ ခဲရာခဲဆစ်ဖြစ်တဲ့ ပါဋိတော်များကို သုတွေသီများအတွက် နိဿယကျမ်းပေါင်း ၆၀ ကျော် ပြုစုသွားတယ်လို့ ဆိုပါတယ်။ ဒါက ရှာဖွေတွေ့ရှိသမျှပါ။ ကြွင်းကျန်သည်များရှိပေဦးမယ်လို့ ပညာရှင်များအယူရှိပါတယ်။ ဆရာတော် ဦးဗုဓ်ရဲ့သမာဓိဂုဏ်ကျေးဇူးတော်များအကြောင်း ညောင်ကန်သာသနာဝင်ကျမ်းများမှာ အတော်ပြည့်စုံ အောင်ရှိပါတယ်။ လယ်တီဆရာတော်လို့ဆိုလိုက်ရင် သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ် သုံးပါးစုံမှာ မီးဟုန်းဟုန်းတောက်မျှဖြစ်ကြောင်း ပညာရှိများက သိကြပါတယ်။ အဲသလောက်ကြီးမားတဲ့ လယ်တီ ဆရာတော်ကြီးက ညောင်ကန်ရွာရောက်တဲ့အခါမှာ ဆရာတော်ဦးဗုဓ် သီတင်းသုံးခဲ့တဲ့ကျောင်းတိုက်နဲ့ နေရာကို လက်အုပ်ချီမိုးပြီး ရှိခိုးပါတယ်။ ဆရာတော်ဦးဗုဓ် ကျေးဇူးတော်ကြောင့် တတ်သိလိမ္မာရပေ တယ်လို့ မိန့်ကြားခဲ့ပါတယ်။

အင်းဝနေပြည်တော်ဟောင်းမှာရှိတဲ့ အုတ်ကျောင်းကြီးဟာ ဘယ်လိုထုထည်နဲ့ ဘယ်လောက်ကောင်း အောင် တည်ခဲ့တယ်မဆိုနိုင်ဘူး။ ဒီနေ့ထိတောင် ခန့်ထည်နေတုန်းပဲ။ မိဖုရားကြီး နန်းမတော်မယ်နု လှူ ဒါန်းတာဆိုတော့လည်း ထိပ်ဆုံးကဒိတ်ပေါ့။ မိန်းမသားဖြစ်ပေတော့ ဘယ်လောက်ကုန်ကုန်ကျတယ် လည်း ပြောချင်ရှာထင်ရဲ့၊ ဆရာတော်ကို လျှောက်ပါတယ်။

"တပည့်တော်မသည် ဤအုတ်ကျောင်းကြီးကို သုံးသိန်းကျော်မျှ အကုန်ကျခံကာ ဆောက်လုပ်လှူပါ သည်။ ဖလံခုံရွာမှလည်း တစ်သိန်းကျော်တန် လှူဒါန်းပါသည်။ နေ့စဉ်လည်း ပစ္စည်းလေးပါးလှူပါ သည်။ ဤသို့ လှူဒါန်းရသည့်အကျိုးတရားကို ဟောပြောတော်မူပါ" လို့ လျှောက်ပါတယ်။

ဆရာတော်က ကျောင်းအစ်မကို ဖလားနဲ့ရေအပြည့်ခပ်ခိုင်းပါတယ်။ တစ်ခါခွက်ထဲက ရေမကျန်အောင် သွန်ခိုင်းပါတယ်။ ပြီးမှ "သွန်ပစ်လိုက်သောရေသည် လှူ၍ကုန်သောပစ္စည်းနှင့်တူ၏။ ဖလားမှာကပ်၍ ကျန်သောရေသည် အကျိုးရတာနှင့်တူ၏"လို့ မိန့်ပါတယ်။ အဲတာကိုတောင် တောင်ဘီလူးဆရာတော် က "ဦးဗုဓ်နှယ် တယ်မျက်နှာလိုက်သကိုး"လို့ ဆိုပါသေးတယ်။ သုံးသိန်းကုန်တို့ တစ်သိန်းကုန်တို့ဆို တာ ရုပ်ဝတ္တုကိုပြောပြီး မဏ္ဍပ်တိုင်တက်တာ၊ ဒါနဆိုတာ စိတ်စေတနာအရ အကျိုးပေးတာမို့ တောင် ဘီလူးဆရာတော် မိန့်တာဖြစ်တယ်။

နန်းမတော်မယ်နုနဲ့ စလင်းမင်းသားကြီးမောင်ဘိုတို့ အရှုပ်တော်ပုံကြောင့် ကွက်မြက်ခံရခါနီးမှာ တပည့် တော်မ အဆုံးစီရင်ခံရပါတော့်မယ်။ နောက်ဆုံးဖူးမျှော်ခြင်းပါလို့လျှောက်တော့ "မိနု... သူ့ကြွေးရှိရင် ဆပ်ရလိမ့်မယ်"လို့ မိန့်ပါတယ်။ မယ်နုက ဒီတစ်ခါ ဆရာတော်က သူ့ကို စကားလည်းပြောတယ်။ တရားလည်းဟောတယ်။ သေပျော်ပြီလို့ ဆိုပါသတဲ့။ ဆရာတော်က ထိထိမိမိနဲ့ အရေးရောက်တာကိုပဲ ပြောလေ့ရှိပုံရပါရဲ့။

ဆရာတော်ဦးဗုဓ်ရဲ့ တိုရှင်းစကားကို ပြန်ပြောင်းအောက်မေ့ကြရာမှာ အဓိကမှတ်မိကြတာလေးကို ပြောချင်ပါသေးတယ်။ ဆရာတော်ကို အုတ်ကျောင်းကြီးလှူရာမှာ သီလပေးရေစက်ချပြီးတော့ ဘုရင် မင်းမြတ်က တရားဓမ္မဟောကြားပါလို့ လျှောက်ပါတယ်။ ဆရာတော်ဖြေတာကလည်း သမိုင်းတွင် အောင် ထိမိပါတယ်။ မင်းဆိုတာ သင်္ဂဟတရားလေးပါ။ မင်းကျင့်တရားဆယ်ပါးနဲ့ အညီကျင့်ရတာမို့ ဆရာတော် ဦးဗုဓ်က "မင်းနှင့်တူအောင်ကျင့်က ငါတို့ဆုံးမသြဝါဒပေးရန်မလို။ မင်းနှင့်တူအောင်မကျင့်က၊ ငါနှင့်မဆိုင် အဝီစိနဲ့သာဆိုင်တယ်"လို့ မိန့်ပါတယ်။
လင်းထင်

တစ်ခါက ဆရာတော့်ကျောင်းသို့ ဦးပေါ်ဦး ရောက်လာကာ မေးသတဲ့ ...

ဦးပေါ်ဦး - ရေကန်ကြီးက အလွန်ကောင်းပါတယ်ဘုရား။
ဦးဗုဓ် - အေး…..ကောင်းတယ်။
ဦးပေါ်ဦး- ရေကလဲ အလွန်ကြည်ပါပေတယ်ဘုရား။
ဦးဗုဓ် - အေး….ကြည်တယ်။
ဦးပေါ်ဦး - ရေကန်ကြီး ဘယ်လောက်နက်ပါသလဲဘုရား။
ဦးဗုဓ် - ငါမသိဘူး။
ဦးပေါ်ဦး - ဆရာတော် သီတင်းသုံးတော်မူတဲ့ ကျောင်းတိုက်အတွင်းမှာ ဖြစ်လို့  နီးတဲ့အတွက် သိလိမ့်မည် ထင်မှတ်၍ လျှောက်ထားမိပါသည် ဘုရား။
ဦးဗုဓ် - နီးတိုင်းသာ သိရမယ်ဆိုရင် သင့်ရဲ့ နှုတ်ခမ်းမွေး ဘယ်နှစ်ပင်ရှိသလဲ။
ဦးပေါ်ဦး - သတိမထားမိ၍ ဘယ်နှစ်ပင်ရှိကြောင်း မသိပါဘုရား။
ဦးဗုဓ် - သင့်နှုတ်ခမ်းမွေးကိုမှ ဘယ်နှစ်ပင်ရှိကြောင်းမသိဘဲ ဒီရေကန်ရဲ့ အတိမ်အနက်ကိုရော ငါသိနိုင်မှာလား

ဆရာတော် ပြောလိုက်သော စကားကြောင့် အမတ်ကြီး ဦးပေါ်ဦးလည်း ရှေ့ကို စကားမဆက်နိုင်တော့ပါဘူး။ ဦးချပြီး ခပ်ကုတ်ကုတ်နဲ့  ပြန်သွားရပါတော့တယ်။

*ညောင်ကန်ဆရာတော် ဦးဗုဓ်*(တတိယပိုင်း)


နန်းမတော်မယ်နု အနေဖြင့် ၁၈ နှစ်ကြာမျှ ဖန်နန်း
ရှင်နှင့် အတူစိုးစံခဲ့ရာ ယခုတိုင် မြန်မာတို့ အဓိက
ရ ကိုးကွယ်လျှက်ရှိသော ကုသိုလ်တော်များမှာ
သူ့လက်ထက်က စတင် ထုလုပ် ပြုစုခဲ့ခြင်း ဖြစ်
သည်။
(၁) ပုထိုးတော်ကြီး-အမရပူရ
(၂) နန်းတွင်းအုတ်ကျောင်း-အင်းဝ
(၃) မဟာသကျသီဟ ရုပ်ပွားတော် -မန္တလေး
(၄) ရှင်ဖြူရှင်လှ စေတီ နှင့်စောင်းတန်း-စစ်ကိုင်း
(၅) ကြေးချိန် တစ်သိန်း ခေါင်းလောင်း -အမရပူရ
(၆) အနောက်တိုက်ဘုရားကြီး -ဖလံခုံရွာ
(၇) မြန်မာဇရပ် -ဗုဒ္ဓဂါယာ
*
ကုန်းဘောင်မင်း နန်းတက်သောအခါ အင်းဝမှ အ
မရပူရသို့ ပြောင်းရွှေ့စံနေတော်မူသည်။ ဆရာ
တော် ဦးဗုဓ်ကိုလည်း မဟာမြတ်မုနိ အရှေ့ဘက်
ရှိ ညောင်ကန်ကျောင်းကြီးသို့ ပင့်ဆောင်ကိုးကွယ်
သည်။ ထိုမင်းလက်ထက် တစ်နှစ်အကြာတွင်
စကြာမင်းသားနှင့် မိသားစု တို့ ရေချ ကွပ်မျက်ခဲ့
သည်။ သုံးနှစ်အကြာ ၁၂၀၂ ခုတွင် မယ်နုကို နောင်တော် နန်းကျဘုရင်နှင့်အတူ ထားရာမှ ပုန်
ကန်ရန် ကြံစည်မှုနှင့် ရေချ စီရင်ရန် အမိန့်တော်ရှိ
သည်။
ထိုအခါ မယ်နုက မြို့ဝန် နှင့်အာဏာသားတို့
အား `ငါသည် ဤဘဝ၌ မြင့်မြတ်သော အခြေအ
နေသို့ ရောက်ရှိခံစားခဲ့ရပြီး မရေမတွက်နိုင်သော
ကောင်းမှုကုသိုလ်များလည်း ပြုစု အားထုတ်ခဲ့ရပြီ
သေရမည်ကို တွေးဆ ပူပန်ခြင်း ၊ကြောက်ရွံ့ခြင်း
မရှိလှပါ။ သို့သော် ငါ ကိုးကွယ်သော၊ဆရာရင်း
ဖြစ်သော ဦးဗုဓ်ကို နောက်ဆုံး ဖူးမြော် ကန်တော့
လိုသည်။ မင်္ဂလာဘုံကျော်တိုက်သို့ ငါ သွား
ရောက်နိုင်ရန် အခွင့်ပေးနိုင်ကြမလား ´ ဟု မေးရာ
မြို့ဝန် ကလည်း ရှေးက ကျေးဇူးတော်များကို
ထောက်မြော်ကာ အခွင့်ပေးပေသည်။ ဆရာတော်ထံ ရောက်အောင် ပို့ဆောင်ပေးကြ
သည်။
ဆရာတော်ကား စာကြည့်နေခိုက် ဖြစ်သည်။
မယ်နုက ဦးချကာ `ဘုရားတပည့်တော်မသည်
ကုန်းဘောင်မင်း၏ဘုန်း ဖုံးအုပ်လာ၍ သူ၏အာ
ဏာစက်ဖြင့် အဆုံးစီရင်ခြင်း ခံရပါတော့မည်။
ဤနေ့ကား ဆရာတော်ဘုရားကို နောက်ဆုံး ဖူး
မြော်ကန်တောု့ခြင်း ဖြစ်ကြောင်းပါ ဘုရား ´ ဟု
လျှောက်တင်၏။
ဆရာတော်သည် စာကြည့်နေရာက မယ်နု ရှိ
ရာဘက်သို့ မျက်နှာမူပြီးလျှင် `မိနု ၊သူ့ကြွေးရှိလျှင်
ဆပ်ရလိမ့်မည် ´ဟု အမိန့်ရှိတော်မူလိုက်သည်။
ကျောင်းအမ မယ်နု လည်း ဆရာတော်ကို ရှိခိုးဦး
ချကာ ကျောင်းပေါ်မှဆင်းခဲ့၏။
လှေကားမှ ဆင်းလာရင်း မယ်နုက `တော်ပြီ၊
တော်ပြီ။ ငါသေပျော်ပြီ၊သေဝံ့ပြီ၊သေရဲပြီ။ဆရာ
တော်ဘုရားကို နှစ်ပေါင်းများစွာ ကိုးကွယ် ဆည်း
ကပ်ခဲ့ရာ ဘယ်အခါမျှ ငါ့နာမည်ကို ခေါ်၍ စကား
လည်း မပြောဖူး။ တရားလည်း မဟောဖူး။ ဤကဲ့သို့ စာကြည့်နေရာက နေ၍ ငါရှိရာဘက်သို့
လှည့်ပြီး ကြည့်ရှုဖူးသည်လည်းမရှိ။ သည်ကနေ့မှ
ပဲ ငါ့ဘက်လှည့်တယ်၊ငါ့နာမည်ကို ခေါ်တော်မူ
တယ်။ ဟောလိုက်တဲ့ တရားကလည်း (မိနု သူ့
ကြွေးရှိလျှင် ဆပ်ရလိမ့်မည်) တဲ့။ တော်ပြီ၊ တော်
ပြီ၊သေလမ်းဖြောင့်ပြီ။ ငါ့ကို ဆရာတော်က သေစ
ရိတ် ပေးလိုက်ပြီ´ ဟု ထပ်တလဲလဲပြောကာ ဝမ်း
မြောက် ဝမ်းသာစွာနှင့် အာဏာသားတို့ ခေါ်
ဆောင်ရာသို့ မျက်နှာညိုးငယ်ခြင်းမရှိပဲ ရဲရဲကြီး
လိုက်ပါသွားလေသည်။
*
အမရပူရမြို့ ထိပ်မှ မဟာမြတ်မုနိဘုရား ရှေ့
တော်အထိ ရှေးက အုတ်လမ်းတစ်ခု ခမ်းနား
ဖြောင့်တန်းစွာဖောက်လုပ်ထားသည်။ ထိုလမ်းအ
တိုင်း လှည်းနှင့် မယ်နုကို တင်ဆောင်ကာ နန်းတွင်းကြေးတိုက်သို့ ပြန်ပို့သည်။ မယ်နက ဆ
ရာတော်၏ တစ်ခွန်းတည်းသော တရားတော်ကို
စားမြုံ့ပြန်ကာ ကြာလေ သလောပေါက်လေ ဝမ်း
သာလေ ဖြစ်နေ၏။
`သူ့ကြွေးရှိလျှင် ဆပ်ရလိမ့်မည် ´ တရားမှာ
လည်း ဗုဒ္ဓဘာသာ ကျင့်ထုံးအစစ်ပင်။ သံသရာ၌
အချင်းချင်း ရန်ငြိုးဖွဲ့ကာ ဘတစ်ပြန် ကျားတစ်ပြန်
တိုက်ခိုက် ညှင်းဆဲခြင်း၏ အကျိုးကျေးဇူးကား အ
ဘယ်နည်း။ ဤရန်ကြွင်းရန်စ ကြွေးများကို ရှင်းပြစ်
ရမည်။
ကုန်းဘောင်မင်းက မည်သို့ပြုကျင့်စေကာမူ ငါ
ကား ဆပ်ရန်ရှိသော ကြွေးကို အမြန်ဆပ်မည်။ ငါ
သည် ငါ့အသက်နှင့် ကြွေးဆပ်ကာ ရှင်းလင်း
သောဘဝသစ်ကို ယနေ့ပင် ထူထောင်တော့အံ့။
ဆရာတော်ဦးဗုဓ်၏ စကားတစ်ခွန်းကား ထိုမျှ
ပင် တာသွားပေ၏။ မယ်နုက သူပြုခဲ့သော ကောင်းမှုတို့အတွက် ရေခွက်နှင့်အပြည့် ကုသိုလ်
တွေ အများကြီး ရမည်ဟု မှတ်ထင်ခဲ့သည်။ သို့
သော် ဆရာတော်က ထိုရေကို သွန်ပြီးနောက်
ခွက်၌ ကပ်ကျန်နေသော ရေတစ်စက်၊နှစ်စက်
လောက်သာ ရလျှင် တော်လှပြီ ဟု တစ်ချိန်က
ဟောခဲ့သည်။ ဟုတ်ပါသည်၊ ယခု ဆရာတော်၏
စကားတစ်ခွန်းသည် ထိုရေတစ်စက်နှင့် တူပါသည်။ တော်ပါပြီ ၊ မိမိ ဝမ်းသာလှပါသည်၊
ကျေနပ်လှသည်။
မယ်နုကို ရေချရာ အရပ်ကား ဧရာဝတီ မြစ်
ဆိပ် မဟုတ်ချေ။ တောင်သမန်အင်း၏ အရှေ့မြောက် ထောင့် ၊မယ်ဘယက်ကုန်း ကမ်း
စပ်တွင် ရေချခဲ့သည်။ သူနှင့်မောင်တော် ဖန်နန်း
ရှင်တို့ အကျယ်ချုပ် စံမြန်းရာ နန်းတွင်းအိမ်တော်
နှင့်မဝေးလှပါ။ ယခုအခါ ထိုအိမ်တော်နေရာတွင်
ဖန်နန်းရှင်၏ သင်္ချိုင်း ဂူတော် ရှိနေ၏။ ထိုဂူသည်
မယ်နု ရေချရာ အရှေ့ဘက်ဆီသို့ မျက်နှာမူလျှက်
ရေကသိုင်း ရှုနေဟန် ရှိသည်။

ညိုမြ
ကုန်းဘောင်ရှာပုံတော်

*ညောင်ကန်ဆရာတော် ဦးဗုဓ်*(ဒုတိယပိုင်း)


အလားတူ မှတ်ဖွယ်တစ်ရပ်မှာ အမတ်ကြီး ဦးပေါ်
ဦး ကျောင်းသို့ရောက်စဉ်က ဖြစ်သည်။
ဆရာတော်က ရေကန်အနီး တံမြက်လှည်းနေ
ခိုက်ဖြစ်၍ ထိုနေရာ၌ပင် ဦးဗုဓ်ကို ဝပ်ချ အလေး
ပြု၏။ ထိုနောက်-

ဦးပေါ်ဦး။ ။ရေကန်ကြီးကဖြင့် အလွန် ကောင်းပါ
ပေသည် ဘုရား။
ဦးဗုဓ် ။ ။အေး.....ကောင်းတယ်။
ဦးပေါ်ဦး။ ။ရေကလည်း အလွန် ကြည်တယ်။
ဦးဗုဓ် ။ ။အေး.....ကြည်တယ်။
ဦးပေါ်ဦး။ ။ဤရေကန်ကြီး မည်မျှ နက်ပါသနည်း
ဘုရား။
ဦးဗုဓ် ။ ။ငါ......မသိဘူး။
ဦးပေါ်ဦး ။ ။ဆရာတော် သီတင်းသုံးတော်မူသော
ကျောင်းတိုက်အတွင်း ဖြစ်၍ နီးသည့်
အတွက် သိလိမ့်မည် ထင်မှတ်၍
လျှောက်မိပါသည် ဘုရား။
ဦးဗုဓ် ။ ။နီးတိုင်း သိရမည်ဆိုလျှင် သင်၏နှုတ်
ခမ်းမွှေး ဘယ်နှပင် ရှိသနည်း။
ဦးပေါ်ဦး။ ။သတိမထားမိ၍ ဘယ်နှပင်ရှိကြောင်း
မသိပါ ဘုရား။
ဦးဗုဓ် ။ ။သင့်နှုတ်ခမ်းမွှေး ဘယ်နှပင်ရှိသည်
ဟု သင်မသိဘဲ ဤရေကန်၏ အတိမ်
အနက်ကိုကော ငါ သိနိုင်မည်လား။

ဤသို့ မိန့်တော်မူလိုက်ရာ စကားတတ်လှ
သော ပညာရှိအမတ်ကြီးသည် ရှေ့သို့ စကား
ဆက်၍ မရသဖြင့် ရှိခိုးဦးချကာ ပြန်ခဲ့ရလေသည်။
ဟာသဖြင့် ဘိုးတော်မင်းတရားကြီးကို အနိုင်ယူ
လေ့ရှိသော ဦးပေါ်ဦး သည် ဦးဗုဓ် နှင့်တွေ့ကာမှ
နောက်ကောက်ကျလေတော့သည်။
*
အင်းဝ နေပြည်တော်ရှိ ရဟန်းငယ်တို့သည် သီတင်းဝါလကျွတ်၍ စာဝါ ရပ်နားနေခိုက် ဘုန်း
ကြီးကျောင်းတိုက်များသို့ လှည့်လည်သွားလာကြ
ရာ ဦးဗုဓ် ၏အုတ်ကျောင်းသို့ ရောက်လာကြ၏။
စာကြည့်နေသော ဆရာတော်ကို ဦးခိုက်ပြီး ပိပြား
စွာ ထိုင်နေကြရာ ဆရာတော်က `ဘာကိစ္စ ကြွ
လာကြသလဲ´ မေး၏။ `တပည့်တော်များ မရောက်
ဖူး၍ အလည်လာကြပါသည် ဘုရား´ ဟု လျှောက်
ထားလေသော် `အိမ်း...မရောက်ဖူးရင် မြင်းမိုရ်
တောင်အထိ သွားကြပါလား။အလကား အချည်း
နှီး အချိန်ကုန်အောင် လှည့်လည်၍ ဖြုန်းနေကြ
သည်´ ဟု မိန့်ဆိုမည်တမ်းသဖြင့် ကြာရှည်စွာ မ
နေဝံ့၊ဦးချကာ ပြန်သွားကြသည်။
*
တစ်နေ့တွင် ဦးဗုဓ်က စာချနေဆဲ သာသနာ
ပိုင်က သူ့ထံ ကြွလာရာ သံဃာငယ်တို့က သင်ဖြူး
ခင်းကြ၏။

ဦးဗုဓ်။ ။ဘာလုပ်ကြတာတုံး။
ကိုရင်။ ။သာသနာပိုင် လာလို့ နေရာခင်းပါတယ်။
ဦးဗုဓ် ။ ။သာသနာပိုင်က ကိုယ့်နေရာ ကိုယ်နေ
တာ မဟုတ်ဘူး။
(ထိုအသံကြား၍ ဦးညေယျက ကျောင်း
ပေါ်မတက်တော့ဘဲ လှေကားမှ ပြန်ကြွသွား၏။ဦး
ဗုဓ်ကို သူ့ထံ ကြွရန် စာရေးပင့်လေသည်။)

ဦးဗုဓ် ။ ။ဦးညေယျက ကျုပ်ကို ဘာကိစ္စ. ခေါ်တာ
တုံးဗျ။
ယ် ။ ။တခြား အကြောင်းထူး မရှိပါ။တပည့်
တော်မှာ လူငယ်ဖြစ်လျှက် သာသနာပြု
ရသောကြောင့် ချွတ်ချော်တိမ်းပါး အမှား
များမြင်တွေ့လျှင် ဆို ဆုံးမတော်မူစေလို
ပါတယ်။
ဦးဗုဓ် ။ ။ကိုယ်စွမ်းလို့ ကိုယ်ဖြစ်တာ ပြောစရာ မ
လိုပါဘူး။
*
အုတ်ကျောင်းမှ ရဟန်းငယ်များ ဆေးလိပ်
သောက်သည်ကို သာသနာပိုင်က ပိတ်ပင်ရာ
`ဆေးလိပ်သောက်တာက သာသနာပိုင် ဘုရား
တည်တာလောက် အပြစ်မကြီးပါဘူး´ ဟုမိန့်ဆို၏
ဝိသုဒ္ဓိမဂ်၌ ရဟန်းတို့ အလှူပေးခြင်း ၊ ဘုရားတည်
ခြင်းမှာ အပြစ်မလွတ် ဟု ဆိုလေသည်။
*
မယ်နုသည် သူ့ဆရာတော်ရင်း ဦးဗုဓ်၏ ပစ္စည်းလေးပါး ဒါယကာမကြီးအဖြစ် အဖိုးတန်
ပစ္စည်းများ၊ပဒေသာပင်များမှစ၍ လိုလေသေးမရှိ
ထောက်ပံ့၏။ ဆရာတော်မူကား ဘာမျှ သိုမှီးခြင်း
မရှိဘဲ ရောက်လာသမျှ ပစ္စည်းတို့်ကို ကျောင်းတွင်
သံဃာများသို့ အလှည့်ကျဝေပေးသည်။ အလိုရှိသူ
တို့က ကြိုက်ရာယူသွားလျှင်လည်း ဆရာတော်က
မည်သို့မျှ မဆိုချေ။
နှစ်စဉ် မယ်နုက ကျင်းပသော ဘုံကထိန်ပွဲကြီး
၌ ဦးဗုဓ် ကို တရားဟောရန် တိုက်တွန်းရာ ဆရာ
တော်က .`ဟေတု ပစ္စယော´ဟူသော ၂၄ ပစ္စည်း
ဂါထာကို ရွတ်တော်မူကာ ဆိတ်ဆိတ်နေလျှင် ရှင်
ဘုရင်ကလည်း ရေစက်သွန်းချ အမျှဝေရလေ
တော့သည်။
ထိုအခါ လေးပြင်လေးရပ် ကြွလာတော်မူကြ
သော ဆရာတော်ကြီးများ က`ဦးဗုဓ် ကို စာတတ်
သည်ဟု ကြည်ညိုလွန်းလှ၍၊ ဧရာမ ကျောင်းတော်
ကြီးကို လှူဒါန်း၍၊ ဧရာမ မိဖုရားကြီးက. ဧရာမ က
ထိန်ပွဲကြီး ကျင်းပရာမှာ တကတဲဗျာ ဟောလိုက်
သည့်တရားက `ဟေတု ပစ္စယောတဲ့ဗျာ´ ဟု ဝိုင်း၍ ပြစ်တင်စကားပြောကြ၏။ ဆရာတော် ဦးဗုဓ် ၏အဖြေကား (ဧရာမ ကျောင်းတော်ကြီး
လှူဒါန်းပြီး ဧရာမ မိဖုရားကြီးက ဧရာမ ကထိန်ပွဲ
ကြီး ကျင်းပရာမှာ ဧရာမ ပဋ္ဌာန်းတရားတော်ကြီး
ဟောလိုက်တာ ဘယ်သူက ဘာပြောချင်ကြသေး
သလဲ ) ဟူ၍ဖြစ်ရာ မည်သူမျှပြန်လည် မချေပနိုင်
ဘဲ ဆိတ်ဆိတ်နေကြရသည်။
*
ကထိန်ပွဲအတွင်း သင်္ကန်းဟောင်းကို ဝတ်ရုံ
သော ကျောင်းနေ ရဟန်းငယ်ကို ဦးဗုဓ် က မိမိ ရှေ့တော်သို့ ခေါ်ယူ၍ `ဤ ကထိန် အလှူကြီးကို
ကိုယ်တော်ကလေး ခံယူပါ´ ဟု တိုက်တွန်း၏။
ဦးဗုဓ်၏နောင်တော် ဆရာတော် ဦးသူက`ကိုယ်
တော်ကို ရည်မှန်းစီမံ ခင်းကျင်းထားရာမှာ သာမန်
ရဟန်းငယ်လေးကို ကထိန်ခံယူစေလျှင် အလှူရှင်
စိတ်ကောင်းနိုင်ပါ့မလား´ ဟု မိန့်ရာ `ကိုယ်တော်
တို့ ယခုနေတာ ဘုရားသာသနာတော်မှာ နေသ
လား ၊ မိဖုရား မယ်နု သာသနာတော်မှာ နေသ
လား ´ ဟု ပြန်မေးသဖြင့် မဖြေနိုင် ရှိရသည်။
မင်းနှင့်မိဖုရားရှေ့၌ပင် ဦးဗုဓ်က.ထိုစကား မိန့်
ဆိုသော်လည်း မည်သို့မျှ စေတနာ ပြောင်းလဲ တုန်လှုပ်ခြင်း မရှိချေ။ ဆရာတော်ကလည်း `ဟေ
တု ပစ္စယော ´ တရားတော်နှင့်ပင် နိဂုံးချုပ်ခဲ့သည်။

ညိုမြ
ကုန်းဘောင်ရှာပုံတော်

(ဆက်ပါဦးမည်)

*ညောင်ကန်ဆရာတော် ဦးဗုဓ်*



မယ်နု ။ ။ဤနေ့ကား ဆရာတော်ဘုရားကို
နောက်ဆုံး ဖူးမျှော်ကန်တော့ခြင်း
ဖြစ်ကြောင်းပါ ဘုရား။
ဦးဗုဓ် ။ ။မိနု၊ သူ့ကြွေးရှိလျှင် ဆပ်ရလိမ့်မည်။
အင်းဝမြို့ကောင်းစားစဉ်က ဖန်နန်းရှင်ခေါ် ဘကြီး
တော် စစ်ကိုင်းမင်းနှင့် မိဖုရားခေါင်မယ်နုတို့က
နန်းမြို့တွင်း အုတ်ကျောင်းတော်ကြီးဝယ် တင်
ထားကိုးကွယ်သော ဆရာတော်ကား ညောင်ကန်
မှ နာမည်ကျော် ဦးဗုဓ်ဖြစ်သည်။
ခေတ်အလိုက် ဗန်းစကားနှင့်ဆိုရသော် သူ့ကို
ဦးဗုဓ် မခေါ်ဘဲ ဦးဘု ဟု ဆိုလျှင် သူ့ဝသီနှင့် ကိုက်
ညီမည်။အဘယ်ကြောင့်ဆိုသော် ဆရာတော်
သည် စကားပြော နည်းပါး၏။ အမြဲတမ်း စာဖတ်
ခြင်း၊စာရေးခြင်းကိုပြုနေတတ်၏။ အကြောင်းမဲ့
သူ့ကို ချဉ်းကပ်သူများကို မလိုအပ်သော အနိဋ္ဌာ
ရုံ အနှောက်အယှက်များဟု ယူဆ၏။ သာသနာ
ပိုင်ကို လည်းကောင်း ၊ ဘုရင်နှင့်မိဖုရားကိုလည်း
ကောင်း ခပ်ပြတ်ပြတ် ဆက်ဆံ၏။ စကားကို လို
သည်ထက် ပိုမပြောချေ။ တရားကိုလည်း အပို မ
ဟောချေ။ ထို့ကြောင့် သူ့ကို အလွန် ဘုကျသော
ခွ ကလန့် ဆရာတော် ဟု ယူဆကြောက်ရွံ့ကြ၏။
စာပေ ပရိယတ္တိမပြတ်မလပ် ကြည့်ရှုခြင်း၊ပို့ချ
ခြင်း၊ ကျမ်းပြုခြင်း အလုပ်ဖြင့်သာ အချိန်ကုန်၏။
ပေတစ်ချပ်ကို ၃-ကြိမ်ကြည့်မိလျှင် အာဂုံ ရသည်။
ရဟန်း ၂-ဝါအတွင်း ဝိနည်း ၅-ကျမ်းကို အာဂုံ ရ
သည်။ပိဋကတ် ၃-ပုံကို အာဂုံဆောင်နေသော်
လည်း သူများ မသိရချေ။
ဆွမ်းစားရာ၌ ဆွမ်းပွဲတစ်ဖက်၌ရှိသော ဟင်း
ခွက်များကို လျှပ်ပေါ်ကာ လှန်းကျော်၍မနှိုက်၊ မိမိ
ဘက် နီးရာဟင်းခွက်ကိုသာ ကောင်းဆိုးမရွေးမူ၍
ဘုန်းပေးတော်မူ၏။
တစ်ကြိမ်က ညောင်ကန်တွင် ကျောင်းတိုင်ကို
မှီ၍ စာကြည့်စဉ် မိုးရွာပြီး ကျောင်းကို မိုးကြိုးပစ်ရာ
ဦးဗုဓ်က စာကြည့်မပျက်ချေ။တိုင်ကိုမှီလျှက်ပင်။
ထိုတိုင်လည်း ယခုတိုင် ရှိနေ၏။
ဒူလာရောဂါ စွဲကပ်စဉ် နေ့ရောညပါ ကုဋီထဲ၌
နေရသောအခါ ကုဋီနံရံ၌ သင်ပုန်းလုပ်ပေးရသည်
တပည့်များက သူရေးပြီးစာများကို နေ့တိုင်း ကူးရ
ဖျက်ရ၏။ သို့နှင့် ဂါထာ ၄၀၀-ရေးပြီးခဲ့သည်။
သက်တော် ၅၅-တွင် ကျမ်းပေါင်း ၅၀-ပြုစုနိုင်ခဲ့
သည်။ မြန်မာသာသနာဝင်၌ ဗုဓ်အစ(ဗုဒ္ဓ)။ ဗုဓ်အ
လယ်(ရှင်ဗုဒ္ဓဃောသ)။ ဗုဓ်အဆုံး(ဦးဗုဓ်)ဟူ၍ဆို
ရိုးရှိခဲ့သည်။
*ဆရာတော် နှင့် မယ်နု*
နန်းမတော်မယ်နုက ဆရာတော်သစ် ရှာနေ
ချိန်၌ တဘောင်တစ်ခုပေါ်လာရာ အမတ်ကြီး ဦး
ပေါ်ဦးက မိဖုရားကြီးသို့ ရွတ်ဆိုပြသည်။
နေဝင်လို့ မိုးချုပ်
ရွှေဘုတ်ကအီ
ပူစီတဲ့လေး။
သာသနာ
ဝါယမာ တစ်ဖန်ထုတ်ရန်ပ
ရွှေဘုတ်ရယ် မယ့်ဆံထုံးမှာ
နားလှည့်ပါဦး။
ထိုတဘောင်ကို မယ်နုက များစွာနှစ်ခြိုက်ကာ
ရှည်ရှည်ဝေးဝေး မေးမြန်းမနေတော့ဘဲ ဦးဗုဓ်ကို
ချက်ချင်း ပင့်ဖိတ် တော့သည်။ ဦးဗုဓ်က သူကြွချင်
သောအချိန်၌လာခဲ့မည်ဆိုကာ တစ်နေ့သ၌ မြင်းမူ
ထိ တစ်ကိုယ်တည်း ကြွသွား၏။ ထိုမှ နေပြည်
တော်မှ ကြိုဆိုသူတို့နှင့်တွေ့ကာ နန်းတွင်းအုတ်
ကျောင်းသို့ ရောက်ရှိလေ၏။
ဘုရင်နှင့်မိဖုရားတို့က ဆရာတော်ဦးဗုဓ်သို့
အုတ်ကျောင်းကြီး ကပ်လှူသောနေ့က. ဘုရင်နှင့်
မိဖုရားအမှုးရှိသော ပရိသတ်က ဩကာသ ရွတ်
ဆိုကာ ကန်တော့ခန်း ပြီးဆုံးချိန်၌ ဆရာတော် ဦး
ဗုဓ်က ဆုမပေးဘဲနေ၏။ အနီးရှိ ကိုယ်တော်က
ကိုဗုဓ်ကတော့ လုပ်ရော့မဗျ ။အခုမှ စ ကာရှိသေး
ဘာများ အလိုမကျတယ်မပြောတတ်ဘူး ဟု
ညဉ်းတွား၏။
အတန်ကြာမှ ရှိခိုး ဝတ်ချတယ်ဆိုတာ ကျမ်းဂန်
ကတော့ ပဉ္စပတ်ဠိတ လို့ ခေါ်တယ်ဟု မိန့်တော်မူ
၏။ ထိခြင်း ၅-ပါး ပြုရသည်ကို ဆိုလို၏။
ဤတွင် နန်းမတော်မယ်နုက ရှင်ဘုရင်၏ တံ
တောင်ဆစ်အောက်၌ရှိသော ကတ္တီပါ ခေါင်းအုံး
ကြီးကို ဖယ်လိုက်ပြီးမှ ထပ်၍ ကန်တော့ခန်း ရွတ်
ဆိုကြရသည်။ ယခုအကြိမ်၌ကား ပဉ္စပတ်ဠိတ
ဝန္ဒနာ, အရ လူ၏ ခြေ ၂-ဖက်၊ လက် ၂-ဖက် နှင့်
ဦးခေါင်း ၁-၊ (ပေါင်း ၅-) တို့ကို မြေနှင့် ကြမ်းပြင်၌
တည်စေ၍ ရှင်ဘုရင်ပါ ရှိခိုးကြလေသည်။
သီလပေးပြီး၍ သြဝါဒ ပေးတော်မူပါ ဘုရား ဟု ဘုရင်က တင်လျှောက်ရာ ဦးဗုဓ်က မင်းကျင့်
တရားတို့နှင့်အညီကျင့်ပါက ငါတို့က ဆုံးမ ဩဝါဒ
ပေးရန်မလို ။ မင်းနှင့်တူအောင် မကျင့်က ငါနှင့်မ
ဆိုင်၊ အဝီစိနှင့်သာ ဆိုင်သည်။ ဟု မိန့်တော်မူ၏။
မိဖုရားခေါင်ကြီး မယ်နုက တပည့်တော်မသည်
ဤ အုတ်ကျောင်းကြီးကို ငွေ ၃-သိန်း အကုန်ခံ
ဆောက်လုပ် လှူဒါန်းခဲ့ခြင်းဖြစ်သည် ။ ဖလံခုံရွာ၌
လည်း တစ်သိန်းတန်ကျောင်းကြီး ဆောက်လုပ်
လှူပါသည်။ သို့သော် အလှူဒါန၌ တင်းတိမ်သည်
မရှိပါဘူး။ ဒါန၏ အကျိုးတရားများကိုလည်း ဟော
တော်မူစေချင်ပါသည် ဟု လျှောက်တင်၏။
ထိုအခါ ဆရာတော်က ဖလားတစ်ခုနှင့်ရေခပ်
စေသည်။တစ်ဖန် ထိုရေကို သွန်စေသည်။
ရှုလော့၊ ယခုသွန်ပစ်သောရေသည် လှူရာပါ
ပစ္စည်းနှင့် တူ၏။ ဖလား၌ ကပ်၍ ကျန်ရစ်သောရေ
သည် မိမိအတွက် ရရှိသော ကုသိုလ်နှင့်တူ၏၊,ဟု
မိန့်တော်မူသည်။
*
တစ်ကြိမ်က ဆရာတော်ဦးဗုဓ်ကို ဆွမ်းကပ်ပြီး
မယ်နုက တပည့်တော်မ ကို ၅-ပါးသီလ ပေးပါဘု
ရား,ဟုလျှောက်၏။ ဆရာတော်က ကိုယ်တိုင် ရွတ်
ဆို၍ ဆောက်တည်လေ,ဟု မိန့်တော်မူ၏။
*
တစ်ကြိမ်က ကျောင်းတော်သို့ ဖန်နန်းရှင်
ရောကိရှိချိန်တွင် ဆရာတော်က တံမြက်လှည်းနေ
ခိုက် ဖြစ်၏။ မင်းစေတစ်ဦးက ဆရာတော်ထံ ချဉ်း
ကပ်ကာ ကျောင်းပေါ်ကြွရန်လျှောက်တင်ရာ ဆ
ရာတော်က နင်တို့ ရှင်ဘုရင် လာတာကို ငါက
အာဂန္တုက ဝတ်ပြုရဦးမှာလား,ဟု ပြန်ပြောသဖြင့်
ရှင်ဘုရင်ကပင် ဆရာတော် တံပြက်လှည်းရာသို့
လာရောက် ကန်တော့ရသည်။
ရှင်ဘုရင်က နိဗ္ဗာန်ရောက်ကြောင်း တရား အ
တိုချုပ် ဟောတော်မူပါ ,ဟု လျှောက်တင်ရာ ဆ
ရာတော်က အောက်ပါ ဂါထာကို ရွတ်ဆိုလေ
သည်။
ဟန္ဒ ဒါနိ ဘိက္ခဝေ
အာမန္တ ရာမိ ဝေါ
ဝယဓမ္မာ သင်္ခါရာ
အပ္ပမာဒေန သမ္ပာဒေထ,
*
တစ်ကြိမ်က နန်းတော်၌ ပရိတ်ရွတ်ပွဲ ရှိရာ ရှင်
ဘုရင်နှင့်တကွ ပရိသတ် စုံသော်လည်း နန်းမ
တော်ကြီး မရောက်သေး၍ ခေတ္တစောင့်ပါရန် အ
ပါးတော်မြဲ တစ်ဦးက လျှေက်ရာ ဆရာတော်က
နန်းမတော်ပါမှ အန္တရာယ်ကင်းမှာလား,ဟု မိန့်ဆို
၏။ ထို့ကြောင့် ရှင်ဘုရင်က. ကန်တော့ကြပါ, ဆို
ကာ နန်းမတော်ကြီးမပါဘဲ ကန်တော့ကြရလေ၏။
*
တစ်ကြိမ်ကလည်း ဆရာတော်ကြီးများကို နန်း
တော်သို့ပင့်ရာ ဦးဗုဓ်က မကြွလာသဖြင့် အရှင်ဘု
ရား မပါလျှင်မပြီးပါ၊ အရှင်ဘုရားကို ပဓာနထား၍
ပင့်ပါသည်။ တပည့်တော်တို့ကို ငဲ့ညှာ၍ တစ်ကြိမ်
တစ်ခါ ကြွတော်မူပါ,ဟု မဟာဒါန်ဝန်က ပင့်လာ၏
ထို့ကြောင့် နန်းတော်သို့ ဆရာတော်လိုက်ပါခဲ့
ရာ ရှင်ဘုရင်ကိုမမြင်သဖြင့် မင်းတို့ ရှင်ဘုရင်က
ဘယ်မှာတုံး, ဟု မေး၏။ ထွက်တော်မူ မလာသေး
ကြောင်းလျှောက်တင်ရာ မင်းတို့ ရှင်ဘုရင် ထွက်
လာအောင် ဘယ်မှာစောင့်နိုင်မှာလဲ၊ စိတ္တံ-စိတ်တဲ့
ကွယ့်၊ အဲဒါပဲလို့ ပြောလိုက်ကြ, ဆိုကာ ပြန်ကြွ
သွားလေသည်။
*
တစ်နေ့သ၌ ဆရာတော်ထံသွားကြရန် နန်းမ
တော်က ရှင်ဘုရင်ကို ဆွဲဆောင်၏။
ဘုရင်။ ။ကျောင်းသွားရတာ ဆရာတော်က
စကားလည်း မပြော ၊ တရားလည်း ရှည်
မဟော ၊ ခြောက်ကပ်ကပ်ကြီး ရှိလှ
တယ် နှမတော်။
မယ်နု။ ။စိတ်ချပါ မောင်တော်၊ ယနေ့ ဆရာတော်
စကားပြောအောင် နှမတော် ကြံဆောင်
ပါ့မယ်။ သမီးတော်ကလေးလည်း ခေါ်
သွားမယ်။
မယ်သဲခေါ် ဆင်ဖြူမရှင်လောင်း သမီးတော်
လေးမှာ ထိုအချိန်က နှစ်နှစ်သမီးအရွယ်တွင် အ
လွန် ဆော့တတ်နေချေပြီ။ အုတ်ကျောင်းတော်သို့
ရောက်သော် ဆရာတော်ကို ကြောက်ရွံ့ရမှန်း မ
သိ ။ ဟိုပြေး ဒီသွားနှင့် ဘုန်းကြီး၏ ရွှေကလပ်ပေါ်
မှ ပေစာများကို ဆွဲယူသည်။
ဆရာတော်။ ။ဟဲ့...ဟို အနားက တချောက်
ချောက်နဲ့ ဘယ်ကဟာကလေးလဲ။
မယ်နု ။ ။သမီးတော်ကလေးပါဘုရား။
ဆရာတော်။ ။သမီးတော်ကလေးကဖြင့် တယ်
လည်း ကမြင်းသကိုး။
နန်းမတော်ကြီးက အလိုက်သိစွာ သမီးတော်
ကလေးကို ခေါ်ယူ ပွေ့ချီကာ ဘုန်းကြီးကို ကန်
တော့၍ ပြန်ထွက်ကြ၏။ ကျောင်းအောက်သို့
ရောက်ရာ ဘုရင်နှင့်မိဖုရား တဝါးဝါး ဝမ်းမြောက်
နေကြ၏။
ဘုရင် ။ ။ဆရာတော် ငါတို့ကိုသာ စကားမပြော
တာ သမီးတော်လေးကိုတော့အပြော
သားပဲ ။ ဟား.....ဟား။
မယ်နု ။ ။ဒါကြောင့် သူ့ကို တမင်ခေါ်ခဲ့ရတာပေါ့၊
ကနေ့တော့ ကျောင်းလာရကျိုး နပ်ပါ
ပေတယ်။
ညိုမြ
ကုန်းဘောင်ရှာပုံတော်
(ဆက်ပါဦးမည်)